တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

ကြခတ်ဝိုင်း နှင့် ငါတို့ရဲ့ဘ၀ အကြောင်းတစေ့တစောင်း

28/11/2007
လိုက်ဆို —— ဒါဟာ စာသင်တိုက် ဆေးရုံမဟုတ်ဘူး” ဒီကာရန်မဲ့ စာပိုဒ်လေးရဲ့ ကလောင်ရှင်ကြီးကတော့ မြန်မာနိုင်ငံက ရက်စက်ကြမ်း ကြုတ်မှု မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နအဖစစ်အုပ်စုနဲ့ ခေတ်ပြိုင် စနစ်ပြိုင်ဖြစ်နေတဲ့ ဗုဒ္ဓသာသနာ့ အာဏာရှင်ကြီးတဆူဖြစ်တဲ့ ပဲခူးမြို့က ကြခတ်ဝိုင်း ဆရာတော်ကြီးဘဲဖြစ်ပါတယ်။ အဲဒီလို ကာရန် မဲ့ စာပိုဒ်တွေကို ညနေခင်း ဘုရားဝတ်ပြုအပြီး ဆရာတော်က ရှေ့ကတိုင်ပေး သံဃာတော်များက နောက်ကလိုက်ဆိုနဲ့ သူရဲ့အကြံပြုချက်တွေကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လိုက်ဆိုပြီး ထောက်ခံ နေခဲ့ကြရတာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဆိုတော့ ယနေ့ ကြံ့ ဖွှံ့အဖွှဲ့က ဦးဆောင် ကျင်းပနေတဲ့ ပြည်သူလူထုထောက်ခံပွဲဆိုတာတွေကတော့ ရိုးသွားခဲ့ပါပြီ။ ရိုးနေတဲ့ ဒီစနစ် ဆိုးကြီးကို ကြံ့ ဖွှံ့အဖွှဲ့က ဆက်လက် အကောင်ထည်ဖော်နေတယ်ဆိုတော့ ကြခတ်ဝိုင်း ဆရာတော်ဟာ ကြံ ဖွှံ့အဖွှဲ့ကြီးရဲ့ အကြံပေးအရာရှိများ ဖြစ်နေရော့သလားဘဲ။
.
1994 -ခုနှစ်လောက်က ညောင်ရွှေမြို့က ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး ကြခတ်ဝိုင်းကျောင်းတိုက်ကို ကြွလာတော်မူလို့ သံဃာတော်များက ၀တ္ထုငွေများစုပြီး ကန်တော့ ကြရာ ကန်တော့ပွဲအပြီးမှာတော့ ဆရာတော်ကြီးက စာသင်သားသံဃာတွေကလှူ ဒါန်းတဲ့ အဲဒီ ၀တ္ထုငွေတွေကို သံဃာတော်များအား ပြန်လည်လှူဒါန်းပါ၏ ဆိုပြီး ကြခတ်ဝိုင်း ဆရာတော်ရဲ့ လက်ထဲမှာ အပ်ထားခဲ့တယ်၊ ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး ပြန်ကြွသွားပြီးလို့ ညနေခင်း ဘုရားဝတ်ပြုပြီးချိန်မှာတော့ ၄င်းဝတ္ထုငွေတွေကို ကျောင်းတိုက်အတွက် အသုံးပြုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သံဃာတော်များရဲ့ ထောက်ခံမှုကို သာဓုသုံးကြိမ်အခေါ်ခိုင်းပြီး အတည်ပြု သွားပါတော့တယ်၊ အဲဒီနေ့က မြင်ရခဲလှတဲ့ အာဏာရှင်ကြီးရဲ့ အပြုံးမျက်နှာကိုလည်း ပြန်လည် မြင်ယောင်မိပါသေးတော့တယ်။
.
ကြခတ်ဝိုင်းကျောင်းတိုက်ရဲ့ စည်ကမ်းအရ မနက်ငါးနာရီ ထိုးတာနဲ့ အဆောင်ဘုန်းကြီးတွေ ဦးဆောင်ပြီး မြို့တွင်းကို လမ်းကြောင်းသုံးခုနဲ့ ဆွမ်းခံထွက်ကြရပါတယ်၊ မိုးတွင်းကာလတွေ မှာဆိုရင် ဒူးဆက် ပေါင်လည်လောက်ရှိတဲ့ မိုးထဲရေထဲတွေမှာ နေ့စဉ်နဲ့အမျှ ဆွမ်းခံသွားနေ ကြရတော့ အသွေးအသားနဲ့ ခန္ဓာကိုယ် ကြာကြာဘယ်ဒဏ်ခံနိုင်ပါ့မလဲ၊ ဖျားကြ နာကြသူတွေ တိုးလာတော့တာပေါ့၊ အဲဒီလို ဖျားနာသူတွေ တိုးပွါးလာချိန်မှာ သံဃာတော်အများ ဆရာတော် နောက်ကနေ လိုက်ဆိုနေခဲ့ကြရတာကတော့ အစမှာဖော်ပြခဲ့သလို “ဒါဟာ စာသင်တိုက် ဆေးရုံမဟုတ်ဘူး” စတဲ့ စာပိုဒ်မျိုးတွေဘဲ ဖြစ်ပါတယ်၊ ဖျားနာနေလို့ ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုနှင့် သက်တောင့် သက်သာ အနားယူရလိမ့်မယ်တော့ မထင်လိုက်ကြပါနဲ့ ၊ သက်ဆိုင်ရာစာချဘုန်းကြီးတွေရဲ့ အထံမှာ အနားယူခွင့် လျှောက်လွှာတင်ကြရပါသေးတယ်၊ လျှောက်လွှာတစ်ခါတင်ရဲ့ သက်တမ်းကတော့ ၇-ရက်မျှသာ ၊ ကျောင်းတိုက်ထဲမှာ ဆေးကျောင်း ဆိုတာတော့ ရှိပါရဲ့ ၊ ဒါပေမဲ့ ဂွမ်းလိပ်ကိုပင် ၀ယ်သုံးရတဲ့ နအဖ ဆေးရုံတွေလိုဘဲ ဆေးကမရှိ လေတော့ ပြင်ပဆေးခန်းတွေကိုဘဲ သွားကြရတာပေါ့၊ အလှူ ခံဌာနကိုကြည့်လိုက်ရင်တော့ ဆေးပဒေသာပင် , ဆွမ်းပဒေသာပင် , မီးပဒေသာပင် , ပညာရေးပဒေသာပင် စတဲ့စတဲ့ ပဒေသာပင်တွေက ကမ္ဘာ့မြေပြင်မှာပေါက်သမျှ သစ်ပင်ရဲ့နာမည်တွေကပင် အရှုံးပေးရမလောက် ပါဘဲ၊ နောက်ဆုံးတော့လည်း အသီးသီးပေမဲ့ သံဃာတော်အများ သုံးဆောင်ခွင့်မရှိတဲ့ တခုတည်း သော ဘဏ်ပဒေသာပင်ကြီးသာ ဖြစ်သွားခဲ့တော့တာပါ၊
.
တခါမှာတော့ စာရေးသူနေတဲ့ အဆောင်အနီးက ကျောင်းဆောင် တစ်ဆောင်ကဘဲ ကိုရင် တစ်ပါး ကျန်းမာရေးမကောင်းဖြစ်ရာ ဆေးကုစရာဝတ္ထုငွေကမရှိ မိဘတွေကလည်း အင်မတန် ခရီးဝေးကွာလှတဲ့ ရှမ်းပြည်မြောက်ပိုင်း တောရွာ တနေရာက ၊ တနေ့ ကျန်းမာရေးပြန် ကောင်းလာနိုးနိုးနဲ့ မျှော်လင့်နေခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ အသက်ရှူတွေကြပ်လာလို့ သူငယ်ချင်းတွေငွေစုပြီး ပဲခူးဆေးရုံကြီးကိုသွားပြကြတဲ့အခါ အဖြေကနောက်ကြသွားခဲ့ပြီတဲ့လေ ၊ ရောဂါကတော့ အသဲရောင်အသားဝါ ၊ အဲဒီရောဂါနဲ့ဘဲ ဆေးရုံကိုရောက်ပြီးလို့ ၇-ရက်မြောက်နေ့ မှာ ပျံလွန်တော်မူသွားရှာတယ်၊ လူအသက်တစ်ချောင်းကို တန်ဖိုးထားတတ်တဲ့ မေတ္တာ ကရုဏာ ကြီးမားတဲ့ ဆရာသမားတွေရဲ့ အရိပ်အာဝါသကိုများ ခိုလှုံခွင့် ရခဲ့ပါလျှင် အခုလို အကြွေစောခြင်မှ စောပါလိမ့်မယ်၊ အခုတော့လည်း အင်းစိန် အကျဉ်းထောင်စတဲ့ အကျဉ်းထောင်ကြီးတွေက လူတန်ဖိုးနှင့် အကြင်နာ မေတ္တာ ကရုဏာတွေခေါင်းပါးတဲ့ အာဏာရှင်ထောင်မှူးတွေရဲ့ လက်အောက်မှာ ထောင်ဝင်စာ လာတွေ့မယ့်သူ မရှိတဲ့ အကျဉ်းသားတို့ရဲ့ဘ၀လို ကြခတ်ဝိုင်း ဆိုတဲ့ အကျဉ်းထောင်ကြီးထဲက စာသင်သား အကျဉ်းသားတို့ရဲ့ဘ၀ဟာ ပြန်စဉ်းစားမိရင် ရင်နာဖို့တိုင် ကောင်းပါတယ်၊ သံဃာတော်အများစုကတော့ အာဏာရှင် ထောင်မှုးကြီးရဲ့ လျက်လျှူ မှုကြောင့် ယခုလိုဖြစ်သွားရတယ်ဆိုတာကို စိတ်မကောင်းဖြစ်မိရုံမှတပါး ဘာမှမတတ် နိုင်ရှာကြချေ ၊ သွားလေသူ သားကိုရင်ရဲ့ မျက်နှာလေးကို မိဘတွေ နောက်ဆုံးဖူးမျှော်ခွင့်ရအောင် စီစဉ်ပေးလောက်ပါရဲ့လို့ ဘ၀တူသံဃာတော်များက မျှောလင့်နေခဲ့မိကြတယ်၊ သို့သော်လည်း အာဏာရှင်ကြီးရဲ့ နှလုံးသားကတော့ မာလျှက်ပါဘဲ ။ ပျံလွန်တော်မူတဲ့နေ့မှာဘဲ မီးဖိုဆောင်ထဲက ထင်းချောင်းနဲ ကားဂိုဒေါင်ထဲက ဓာတ်ဆီကိုယူပြီး သုဿာန်တစ်ခုမှာ မီးသင်္ဂြိုဟ်လိုက်ပါတော့ တယ်၊ မိမိရဲ့ကျောင်းဆောင်လေးကိုတောင် တခဏတာမျှ ခေါင်းချခွင့်မရရှာလေတော့တဲ့ဘ၀ ၊ ပျံလွန်တော်ပြီး ၇-ရက်မြောက်ရောက်မှ သားကိုရင်ရဲ့ မျက်နှာလေးကို မြင်လိုဇောနှင့် ခရီးကြမ်းကို အပြေးနှင်ရင်းရောက်လာကြတဲ့ မိဘနှစ်ပါး အတွက်ကတော့ သားကိုရင်ရဲ့မျက်နှာလေးကို မမြင်ရတော့ဘဲ စာသင်သားသံဃာတော်များက ၀တ္ထုငွေလေးတွေစုပြီး ကျင်းပတဲ့ ရက်လည်ပွဲ လေးကိုသာ သောကမျက်ရည်ကြားထဲက မှုန်ဝါးစွာနဲ့ဘဲ တွေ့မြင်ခွင့်ရသွားကြပါတော့တယ်၊ သားကိုရင်စားဖို့ ယူဆောင်လာတဲ့ မုန့်ဖက်ထုပ်လေးတွေလည်း အခုတော့ မျက်နှာငယ်သွား ခဲ့ရရှာပြီပေါ့ ၊ ဒီအဖြစ်အပျက်ဟာ နေ့စဉ်နဲ့အမျှတွေကြုံရတဲ့အဖြစ်အပြက် များစွာထဲက ပြရုပ် တစ်ခုမျှသာ ဖြစ်ပါတယ်၊
.
ယနေ့လူအများစု အစားအသောက် ညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ အင်းစိန် အကျဉ်းထောင်ကြီးကတော့ မပါမဖြစ်တဲ့ အခဏ်းကဏ္ဍက ပါဝင်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ ကြခတ်ဝိုင်းဆိုတဲ့ အကျဉ်းထောင်ကြီးရဲ့ စားရေး သောက်ရေးကလည်း ဖေါ်ပြပါ အကျဉ်းထောင်ကြီးရဲ့ ဌာနခွဲများဖြစ်နေရော့သလားလို့ပါဘဲ ၊ ဆွမ်းခံကရတဲ့ ဆွမ်းနဲ့ ဟင်းက စာချ ဘုန်းကြီးတွေနဲ့ အဆောင်ဘုန်းကြီးတွေအတွက်သာ လုံလောက်တယ်ဆိုတော့ စာသင်သား သံဃာတွေ အတွက်ကတော့ ကျောင်းက ဆန်ကောင်းတစ်တင်းကို နှစ်တင်းနဲ့လဲထားတဲ့ တပ်မ ၇၇-က ဆန်နဲ့ ချက်ထားတဲ့ထမင်း အဖတ်မပါတဲ့ ရေကဇွန်းရွက် ဟင်းအရေသောက် ငရုပ်သီးမှုန့်အကြမ်း ဖြူးထားတဲ့ငါးပိရေ ဆိုတော့ အင်းစိန်ထောင်ရဲ့ ဌာနခွဲလို့ ပြောလိုက်တာ ကတော့ လွန်မယ်မထင်ပါဘူး ၊ နေ့စဉ်နဲ့အမျှ ဒီဟင်းနဲ့ ဒီထမင်းကို ၆-ပါး တစ်ဝိုင်း စားကြရတဲ့ ဘ၀ဆိုတော့ ပြင်ပထောင်ဝင်စာကို စောင့်နေကြရတဲ့ ထောင်သားတွေရဲ့ဘ၀လိုဘဲ နီးစပ်ရာပုဂ္ဂိုလ်တွေက ပေးပို့မယ့် ငါးပိကြော်တို့ ချဉ်ပေါင်ကြော်တို့ကို စောင့်နေကြရတဲ့ ကြခတ်ဝိုင်း အကျဉ်းသားတို့ရဲ့ဘ၀ဟာ အတိတ်က၀ဋ်ကြွေးများ ပါခဲ့နေရော့သလားလို့ စဉ်းစားမိတယ်၊
.
ဒီထမင်း နဲ့ ဒီဟင်းကို စားရဖို့ကလည်း တစ်ပါးနဲ့ တစ်ပါး နှစ်တောင့်ထွာ အကွာဝေး အနေထားနဲ့ တန်းစီပြီး ဆွမ်းစားကျောင်း ထဲကိုဝင်ရတော့ နာရီဝက်လောက် အချိန်ယူရပါတယ်၊ တနေ့မှာတော့ တန်စီပြီးသွားနေကြရင်း ကိုရင်သုံးပါး နှစ်တောင့်ထွာထက် ဝေးကွာလို့ ဆိုတဲ့ ပြစ်မှုပုဒ်မနဲ့ အများသံဃာတွေ ဆွမ်းစားနေချိန်မှာ သူတကာတွေ ၀င်ထွက်သွားလာတဲ့ ဆွမ်စားကျောင်း အ၀င်ဝမှာ ၀မ်းလျားမှောက်ပြီး နေကြရတဲ့ မြင်ကွင်းကို တွေ့မြင်ရလို့ သုမေဓာရှင်ရသေ့ရဲ့ ဘုရားဆုပန်ခန်းကိုပင် ပြန်လည်သတိရ မြင်ယောင်မိသေးတော့တယ်၊ အခုလို လူဒါယကာ ဒါယကာမတွေရဲ့ ကွယ်ရာမှာ သံဃာကို သံဃာလိုမဆက်ဆံပေမဲ့ ဆွမ်းအလှူဒါန တွေရှိတဲ့အခါမျိုးမှာ အမြဲဟောလေ့ရှိတဲ့ တရားတော်ကတော့ “စာတလုံး ဘုရားတဆူ” တဲ့လေ ၊ သံဃာတော်များရဲ့ နှစ်လုံးသားထဲမှာ ဘုရားဟောပိဋကတ်တွေ ကိန်းအောင်းနေတယ်၊ ဒါကြောင့် သံဃာတော်တပါး ကြွလာရင် ဘုရားတစ်ဆူကြွလာတယ်မှတ် ဆိုပါလား ၊ အဲဒီအချိန်မျိုးမှာ ဆိုရင်တော့ စာရေးသူတို့ ရဲ့ ဘ၀ဟာ ဘုရားတွေဖြစ်လို့ပေါ့ ၊ ဒါပေမဲ့ အဲဒီ ဘုရား ရာထူးက သိပ်တော့မမြဲလိုက်ပါဘူး၊ ဘုရားအဖြစ် ရာထူးက လျော့ကျတဲ့အချိန်ကတော့ လူဒကာ ဒကာမတွေ ပြန်သွားပြီးလို့ များမကြာမှီ ကျောင်းသန့်ရှင်းရေး လုပ်ကြတဲ့ အခါဘဲဖြစ်ပါတယ်၊ သန့်ရှင်းရေးလုပ်ရင်း ပင်ပန်းလို့ ခေတ္တမတ်တတ်ရပ် နေတာကိုတွေ့တာနဲ့ ဆဲဆိုလေ့ရှိတာကတော့ “ဟိုနွား အလုပ်မလုပ်ဘဲ ဘာလို့ ရပ်နေတာလဲ “ တဲ့ ၊ဪ ကြခတ်ဝိုင်းဆိုတဲ့ အကျဉ်းထောင်ကြီးထဲက ငါတို့ရဲ့ဘ၀ဟာ ဘုရားဖြစ်လိုက် နွားဖြစ်လိုက်ပါလား နော် —-။

သောတုဇနဘိက္ခု

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ ဘလောက်မှကူးယူဖော်ပြထားပါသည်၊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: