တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ JUNE 15 POST FROM NYI LIN SECK

ညီလင်ဆက်တို.ချီတက်နေဆဲ
(သို.မဟုတ်) ဂုဏ်ယူစရာ ဘလော့ဂါတို.၏နှလုံးရည်တိုက်ပွဲ

ကျွန်တော်တို့ အဖွဲ့ဝင်အားလုံး ရန်ကုန် ပြန်ရောက်နေပါတယ်။ အခက်အခဲတွေက အများကြီးပါပဲ။ အဓိက အခက်အခဲကို ပြောလိုက်ရင်တော့ အားလုံးက ဝိုင်းမေတ္တာပို့တာ ခံရမယ် ထင်ပါရဲ့။ ကျွန်တော်တို့ လက်ရှိ လုပ်နေတာမှာ ငွေအင်အား လူအင်အား အချိန်တွေ ရင်းနှီးထား ရတဲ့အပြင် စကားတွေလည်း ဖောင်ဖွဲ့အောင် ပြောရပါသေးတယ်။ ဒုက္ခသည် တော်တော်များများဟာ အရှည်မစဉ်းစားကြဘူး။ စည်းလုံးညီညွတ်မှု အားနည်းတယ်။ လုပ်ချင်ရာ လုပ်ကြတယ်။ စိတ်သိပ်ညစ်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ပထမတော့ ဂရုဏာသံနဲ့ လှိုက်လှိုက်လှဲလှဲ ပြောကြ လုပ်ကိုင်ကြတယ်။ သူတို့ရဲ့ အခက်အခဲ ဒုက္ခတွေကို နားလည်တယ်။ စာနာနားထောင် ပေးကြတယ်။ အဲဒီအတွက် ကျွန်တော်တို့က ပြဿနာကို ကူညီဖြေရှင်းပေးမယ်။ သူတို့က ကျွန်တော်တို့ရဲ့ ပရိုဆီဂျာကို စနစ်တကျ လိုက်နာ ဆောင်ရွက်ပေးရမယ် ဆိုတဲ့ အချိန်ကြရင် ပြဿနာတွေက စလာပါတော့တယ်။

၁ပတ်အတွင်း အပြီးဆောက်မယ်၊ ဒီအိမ်ပုံစံအတိုင်း ဆိုပြီး ဂတိတွေ အထပ်ထပ် ပေးသွားတယ်။ အိမ်ဆောက်ပစ္စည်းတွေ လာထုတ်သွားတယ်။ သွားကြည့်တော့ မပြီးဘူး။ ဆောက်ချင်သလိုတွေ ဆောက်တယ်။ အလှူရှင်တွေကလည်း သူတို့ ဆောက်ပေးတဲ့ အိမ်လေးတွေကို စနစ်တကျ လှလှပပ မြင်ချင်မှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လို လုပ်မလဲ။ သူတို့ကို အိမ်တိုင်တွေ ပြန်ချွတ်၊ အမိုးတွေ ပြန်ခွာ အဲဒီလို လုပ်ခိုင်းရမလား။ ပြောထားတာက စနစ်တကျ ဒီနေရာ ဒီနေရာမှာ အိမ်လေးတွေ ဆောက်မယ်ပြောတယ်။ လုပ်ထားတာက တစ်နေရာတစ်လုံး စနစ်မကျ စည်းမရှိ ကမ်းမရှိ။ တချို့ရွာတွေက ပို့တဲ့ ပစ္စည်း အကုန်မရဘူး။ သိပ်စိတ်ပျက်ဖို့ ကောင်းတယ်။ တချို့ရွာက ရွာလူကြီးက ဖြတ်အုပ်သေးတယ်။ သူတင်ထားတာက ၁၀ပေ ၁၂ ပေ အိမ်။ တကယ်ဆောက်ပြီး ပစ္စည်း ယူသွားတာက ၁၅ပေ ပေ ၃၀လောက် ရှိတယ်။ ဒီလိုတွေ ဖြစ်လာတော့ အလှူရှင်တွေက သူတို့ အိမ်တွေ ဓာတ်ပုံကြည့်ပြီး စိတ်ညစ်ကြမယ်။ ကျွန်တော်တို့ ဖြစ်သလို လုပ်ထားတယ် ထင်မယ်။ ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ။

နောက်က ထောက်ပံ့ပစ္စည်း ဈေးတွေ တက်လာတာနဲ့၊ ပစ္စည်း ပြတ်လပ်မှု ကြုံရတာ။ ကျွန်တော်တို့ အခု အဓိက ကြုံနေရတဲ့ အခက်အခဲကတော့ သစ်ရှားပါးမှုပါပဲ။ ပထမတုန်းက ကျွန်တော်တို့ ထုတ်ပေးတဲ့ သစ်က ၆ ငါးမူး သရက်သားတွေ၊ ခြောက်ငါးမူး ဆိုပေမယ့်လည်း လွှဖြတ်တော့ လွှသွားစားသွားတာနဲ့ ခိုတာနဲ့မို့ ၆တစ်မတ် လောက်ပဲ ကျန်တယ်။ အခုဟာက သရက်သားတွေ မရတော့တာ။ အင်၊ ကညင်ပဲ ရတယ်။ ဈေးက သုံးဆကွာတယ်။ လပွတ္တာမှာ ဝယ်မရရင် တခြားဘယ်က ဝယ်လို့ ရမလဲလို့ ခြေတိုအောင် လိုက်စုံစမ်းရတယ်။ ကျွန်တော်တို့မှာ သူများ အဖွဲ့အစည်းတွေလို ခိုင်မာတောင့်တင်းတဲ့ အဖွဲ့ မဟုတ်တာမို့ လှေကြုံလေးလိုက်၊ လိုင်းကားစီး၊ လမ်းတွင်တွင်လျှောက် စနစ်ကိုပဲ ကျင့်သုံးရတယ်။ အဲဒီတော့ ခရီးက မတွင်ဘူး။ ရန်ကုန်က သယ်ဖို့ ကျတော့လည်း သင်္ဘောနဲ့ တန်ချိန် အများကြီး တင်ရလောက်အောင် မတတ်နိုင်၊ သယ်ပို့ခက ဘယ်သူကမှ ကျခံချင်ကြတာ မဟုတ်ဘူး။ စိတ်ဓာတ် တော်တော်ကျတယ်။

ဒီလို လက်တွေ့လုပ်ရာကနေ တွေ့လာတာ ပြောရရင်တော့ မြန်မာကျေးလက် တောရွာကလူတွေ အသိဥာဏ် အလွန် နုံနဲ့နေတာကို တွေ့ရတာပါပဲ။ အသိဥာဏ် မရှိတော့ အရှည်ကို မစဉ်းစားတတ်ဘူး။ စနစ်တကျ မလုပ်တတ်ဘူး။ စာရင်းဇယားတွေကို ဖြစ်သလို ထင်သလို ထည့်တတ်ကြတယ်။ အဲဒီအတွက် စာရင်းတွေကို တစ်ယောက်တစ်မျိုး တက်လာတယ်။ စည်းလုံးညီညွတ်တဲ့ ရွာတွေက ရှားတယ်။ Plan တစ်ခုချပြီး မလုပ်တတ်ဘူး။ ကယ်ဆယ်ရေးကို သိပ်အားကိုးလွန်းအား ကြီးတယ်။ ဒီလို စနစ်တကျ မဟုတ်တဲ့အတွက်၊ ကိုယ်ကျိုး ကြည့်ကြတဲ့အတွက်ကြောင့် လုပ်နေတဲ့ အဖွဲ့အစည်းတွေရော၊ အစိုးရဘက်ကရော လုပ်ရကိုင်ရတာ အခက်တွေ့နေတယ်လို့ မြင်မိတယ်။

အစိုးရဘက်က Computerized Disaster Management System တစ်ခုကို မသုံးဘဲ On Paper လုပ်တဲ့အတွက် အချိန်နှောင့်နှေးမှု၊ မှားယွင်းမှု၊ ပြုန်းတီးမှုတွေ ရှိနိုင်တယ်။ တကယ်လို့သာ သူတို့ ဒါမျိုးကို သုံးစွဲမယ်ဆိုရင် သတင်းစာထဲ ခဏခဏ မြင်နေရတဲ့ Duplicate မဖြစ်ရလေအောင်၊ Duplicate မဖြစ်ရလေအောင် ဆိုတဲ့ စကားမျိုးကို ပြောနေဖို့ကို မလိုတော့ပါဘူး။ ကွန်ပြူတာ ခလုတ် တစ်ချက် နှိပ်လိုက်ရုံနဲ့ ဘာပစ္စည်းတွေ ဘယ်ရွာတွေကို ပေးထားတယ်၊ ပစ္စည်းလက်ကျန် ဘယ်လောက်ရှိတယ်။ ဘယ်အဖွဲ့တွေဆီမှာ ဘာထောက်ပံ့ရေး ပစ္စည်းတွေ ရှိတယ်၊ ဘယ်အဖွဲ့တွေ ဘယ်ရွာဆင်းနေတယ်၊ ဘယ်လောက် ပံ့ပိုးမှု ပေးပြီးပြီ ဆိုတာတွေကို ၅ စက္ကန့်အတွင်း သိနိုင်တယ်။ တက်ခနိုလော်ဂျီခေတ်ကို ကျွန်တော်တို့ ကူးပြောင်းသင့်နေပါပြီ။

လောလောဆယ် ကျွန်တော်တို့ အားလုံး ဒီမှာ သုံးရက်လောက် ပြန်လာနေကြတာပါ။ ငှားထားတဲ့ အိမ်ရှင်က အိမ်ကို ဆက်မငှားတော့ပါဘူး ပြောင်းပေးပါတော့ဆိုပြီး လာလုပ်နေတာရယ်၊ လာအကူအညီတောင်းတဲ့ ရွာတွေကိုလည်း ရပ်ထားရတာရယ်၊ အဖွဲ့သားနှစ်ယောက် တော်တော် ဖျားနေတာရယ်၊ နည်းဗျူဟာအသစ် ဘယ်လိုပြောင်းရမယ် ဆိုတာ စဉ်းစားဖို့ရယ်၊ သွားလာရေးအတွက် လှေကိစ္စကို မရှိသေးတာတွေရယ်၊ ဒုက္ခသည်တွေ စိတ်ညစ်စရာမျိုးစုံ ပြန်ပေးကြတာရယ်ကြောင့် သုံးရက်လောက် နားမယ်။ ခြေထောက်တွေရော လက်တွေမှာပါ ခြင်တွေကြောင့် အနာတွေ ဖြစ်နေတယ်။ ဗုဒ္ဓဟူးနေ့မှာ ပြန်ထွက်ပါမယ်။

ဒီအရပ်ဟာ ဒီဇာတ်နဲ့သာ ကိုက်တာမျိုးလား၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်နေတာမျိုး ရယ်လား ဆိုတာ စဉ်းစားမိရင် ခေါင်းတောင် နောက်လို့ လာပါတော့တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: