တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ
မြန်မာပြည်၏ အခြေခံနိုင်ငံရေးအဆောက်အအုံကို လေ့လာသော် (၃)

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား
(ကာအိုဝါအိုသတင်းဌာနမှကူးယူထားပါသည်)

ဗညားဟံသာ

စက်တင်ဘာ ၁၇၊ ၂၀၀၈။

အာဏာရေးသည် မြန်မာပြည်၏ နိုင်ငံရေးပြဿနာ ဖြစ်သည်ဟု ခေတ်သစ်ဗမာ့နိုင်ငံရေးခေါင်းဆောင်တို့က ယူဆကြသည်။ စာအုပ်စာတမ်းပေါင်းများစွာ ရေးသားကြသည်။ ၎င်းတို့၏အယူအဆနှင့် အတွေးအခေါ်များကိုလည်း အခွင့်အခါသင့်တိုင်း ဆွေးနွေးတင်ပြငြင်းခုံခဲ့ကြသည်။ အာဏာရေး၊ အာဏာရယူရေး၊ အာဏာလုတိုက်ပွဲ၊ အာဏာခွဲဝေရေး၊ အာဏာသိမ်းစစ်တပ်၊ အာဏာရူးစစ်အုပ်စု၊ အာဏာမက်စစ်ဗိုလ်ချုပ် စသောဝေါဟာရများကို ခေတ်သစ် သတင်းစာနယ်ဇင်း မီဒီယာတွင် ဖတ်ရသည်။ အာဏာရေးကို ဘာကြောင့် ပြဿနာ ဖြစ်သည်၊ ပြဿနာကို ဘာကြောင့် မဖြေရှင်းနိုင်သည်။ အာဏာရေးပြဿနာကို ဘယ်လိုဖြေရှင်းရမည် စသောစစ်တမ်းချက်များ ကောက်ချချက်များကို သာမန်နိုင်ငံရေး စကားဝိုင်းတွင် မတွေ့မြင်ရသေးချေ။ ၎င်းအပြင် အာဏာရေးပြဿနာကို နှစ်ပေါင်း ၆၀ ကျော် ကျွန်ုပ်တို့ မြန်မာပြည်တွင် မဖြေရှင်းနိုင်ခဲ့သည်ကို ဘယ်သူ့၊ မည်သည့်နိုင်ငံရေး ခေါင်းဆောင်တွင် တာဝန်ရှိသည်ကိုလည်း ကျွန်ုပ်တို့သာမန်နိုင်ငံသားတွေ တွေ့ဆုံဆွေးနွေးခွင့် သိပ်မရှိခဲ့ပေ။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် “အာဏာရေး” ပြဿနာ ဖြစ်ကြောင်းကို ယေဘုယျအားဖြင့် လက်ခံကြပေသည်။ ဖဆပလ ခေတ်မှ မဆလခေတ်၊ မဆလခေတ်မှ နဝတ၊ နအဖခေတ် နှစ်ပေါင်း ၆၀ အတွင်း ဗမာအချင်းချင်း အာဏာလုရေးကို သမိုင်းက သက်သေပြခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ သခင် သန်းထွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းတွင် လုပ်ကြံရန် စီစဉ်ခဲ့ခြင်း။ မကြာမီအတွင်းက ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး ဗဒိုမန်းရှာ လာဖန်းကို မဲဆောက်မြို့ပြနေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့် တခြားအကြမ်းဖက်မှုများကို ထောက်ရှုလျှင် အာဏာရေးကြောင့် ဖြစ်ပေါ်ခဲ့ကြောင်းကို သမိုင်းသက်သေပြခဲ့သည်။ ယခု အတောအတွင်းလည်း နဝတ နအဖ အကြောင်း၊ အာဏာသိမ်းမှု၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အကျယ်ချုပ် ဖမ်းဆီးမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထောင်ချမှုသည် အာဏာရေးပြဿနာ ဖြစ်ကြောင်းကို ကျွန်ုပ်တို့လက်ခံရပေမည်။ ဤသက်သေပြချက်များဖြင့် မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် အာဏာရေး ပြဿနာဖြစ်သည်ဟု ကောက်ချက်ချလျှင် လုံလောက်ပြီးလော။ အာဏာရေး ပြဿနာ ဖြေရှင်းလိုက်လျှင် (သို့) အာဏာခွဲဝေပေးလျှင် (ဗမာ့အုပ်စုအချင်းချင်း) အာဏာခွဲဝေပေးလျှင် တိုင်းပြည်ပြဿနာ အဆုံးသတ်ပြီးလော။ ယနေ့ခေတ် ခေတ်သစ် မြန်မာပြည် နိုင်ငံရေးခေါင်းဆောင်များ စမ်းစစ်သင့်ပေသည်။

မြန်မာပြည် နိုင်ငံရေးပြဿနာသည် အာဏာရေး ပြဿနာမဟုတ်၊ အာဏာရေးပြဿနာသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အမျိုးသားစွဲ ဝါဒရေးရာစွဲနှင့် ကျဉ်းမြောင်းသော၊ မပွင့်လင်းသော၊ မရင့်ကျက်သော အမှန်တရားကို ဖုံးကွယ်သော၊ မမျှတသော နိုင်ငံရေးခေါင်းဆောင်တို့၏အယူအဆမှ ပေါက်ဖွားလာသော ပြဿနာ ဖြစ်သည်။ မြန်မာပြည် ယနေ့ခေတ် ပြဿနာသည် မှားယွင်းနေသော၊ ပျက်ကွက်နေသော၊ မတည်မြဲသော၊ တဖက်စွန်းနေသော နိုင်ငံရေး တည်ဆောက်မှု အဆောက်အအုံကြောင့် ဆက်လက် ပေါ်ပေါက်နေသော ပြဿနာ ဖြစ်သည်။ ဘာကြောင့်နည်း။

၁၉၆၂ ပတ်ဝန်းကျင်တွင် လွတ်လပ်ရေးရပြီးနောက် ၁၀ နှစ်အကြာလောက်တွင် တိုင်းရင်းသားတို့၏ အုပ်ချုပ်ခွင့် (ကိုယ်ပိုင်ပြဌာန်းခွင့်) ကို လွှတ်တော်တွင် တောင်းဆိုရာတွင် ဗမာ့စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့ခြင်း။

၁၉၈၈ ပြည်သူ့သပိတ်မှောက်မှုတွင်မှ ဆက်လက်ပေါ်ပေါက်လာသော ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများက ဒုတိယ အများဆုံး လွှတ်တော်ကိုယ်စားလှယ် အရွေးခံရမှုကို စစ်တပ်က ထောက်ရှုပြီး အန်အယ်ဒီကို လုံးဝ အာဏာလွှဲမပေးခဲ့ခြင်း။

၁၉၉၀ – ၂၀၀၈ ယနေ့တိုင်အောင် တိုင်းရင်းသားခေါင်းဆေါင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက မြန်မာပြည်ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ၊ တရားမျှတစွာ၊ အေးအတူ ပူအမျှ စစ်မှန်သော ပြည်ထောင်စု (ဖက်ဒရယ် ပြည်ထောင်စု) တည်ဆောက်ရန် အပစ်အခတ်ရပ်စဲခြင်း၊ ဆွေးနွေးပွဲ ခေါ်ယူရေး တောင်းဆိုခြင်း၊ အမျိုးသားညီလာခံကို တက်ရောက်ပြီး တိုင်းရင်းသားပြည်နယ်များ သီးသန့် အုပ်ချုပ်ရေးပေးခြင်း စသော တောင်းဆိုမှုကြောင့် နဝတ နအဖက တဖက်သတ် ပြည်သူ့ဆန္ဒ ခံယူပွဲ ခေါ်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ခြင်း။

ဤအကွေ့အပြောင်း အကြောင်း ၃ ရပ်သည် မြန်မာပြည်တွင် နှစ်ပေါင်းထောင်ပေါင်းများစွာ အေးအတူ ပူအမျှ နေထိုင်လာခဲ့သော တိုင်းရင်းသားတို့၏ “အခွင့်အရေး”ကို တားမြစ်ပိတ်ပင် ကန့်သတ်ချုပ်ချယ်လိုသော ဝါဒကြောင့် ဆက်လက်ပြီး မြန်မာပြည်တွင် အာဏာရေး ပြဿနာကို ပြတ်သားစွာ သို့မဟုတ် ရိုးသားစွာ မဖြေရှင်းနိုင်ခဲ့ချေ။

ကျွန်ုပ်တို့တွေ့ကြုံနေသော မြန်မာပြည်သည် အာဏာရေးပြဿနာထက် အမျိုးသားရေး (သို့) နိုင်ငံရေးပြဿနာ ဖြစ်သည်။ အမျိုးသားရေးဟု ဆိုရာတွင် တိုင်းရင်းသားအရေးသည် မြန်မာပြည်၏ ပင်မရေသောက်မြစ် ဖြစ်ကြောင်းကို အထက်ပါသမိုင်းကြောင်းများက သက်သေပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ဤပြဿနာကို မဖြေရှင်းနိုင်ချေ။ ဘာကြောင့်နည်း။ တိုင်းရင်းသားခေါင်းဆောင်များက အမှုမဲ့ အမှတ်မဲ့ သဘောပိုက်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း ခေါ် လက်နက်ချလျှင် နှစ်ပေါင်း ၅၀ ကျော် အသက်ပေးခဲ့သော ထောင်ပေါင်းများစွာသော တိုင်းရင်းသား တော်လှန်ရေးသမားတို့၏ ကတိသစ္စာကို ဖောက်ဖျက်ရာအဖြစ် သမိုင်းအတင်ခံရမည်ကို တိုင်းရင်းသားခေါင်းဆောင်(တချို့)က ကောင်းစွာ သဘောပေါက်သည်။ ၎င်းအပြင် ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက သူတို့အတွက် ရွေးကောက်ပွဲတွင် အရွေးခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ ၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်တွေ့တွင် စစ်တပ် ဦးဆောင်သော အစိုးရ ဖြစ်သည့်အတွက် ဘာမျှ ပြုပြင်ဆောင်ရွက်ခွင့် မရှိချေ။

မြန်မာပြည် အာဏာရေး ပြဿနာကို တိုင်းရင်းသား ခေါင်းဆောင်များက တရားမျှတသော နိုင်ငံရေးစနစ် ပြုပြင်ပေးရန် တန်းတူညီမျှသော နိုင်ငံရေးစနစ် ဖော်ဆောင်ကြရန်၊ စစ်မှန်သော လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တဆင့်တဆင့် တည်ထောင်သွားကြရန်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

ထို့ကြောင့် မြန်မာပြည်ကို အာဏာရေး ပြဿနာမှ ကျော်လွန်ပြီး အမျိုးသားရေး ပြဿနာအဖြစ် သဘောပေါက်ကြဖို့ ကျွန်ုပ်တို့ခေတ်တွင် ယူဆဆင်ခြင်သင့်လေသည်။ အာဏာရေးပြဿနာကို အမျိုးသားခေါင်းဆောင်များက အကြောက်ကင်းမဲ့စွာ ပွင့်လင်းစွာနှင့် တရားမျှတစွာ စားပွဲခုံပေါ်တွင် ရက် ၁၀၀ အတွင်း ဖြေရှင်းနိုင်သည်။

ဗညားဟံသာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: