တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ
စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး

နိုင်ဟံသာ၊ ဇန်နဝါရီ ၁၉ ၊ ၂၀၀၉။

ပြည်ထောင်စုအတွင်းတိုင်းရင်းသားများ၏အဆင့်နေရာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးတည်သော
ဆောင်းပါးများကို အခန်းအလိုက်ဖေါ်ပြသွားပါမည်၊(အယ်ဒီတာ)

ယခုစာရေးသူ၏ဖြတ်သန်းခဲ့မှုနှင့် ဆန္ဒသဘောထား

ကျနော်သည် ၁၉၆၈ ခုနှစ်တွင် တော်လှန်ရေးနယ်မြေသို့  ရောက်ရှိလာခဲ့ပြီး မျိုးချစ်တော်လှန်ရေးသမားတစ်ဦးအနေ ဖြင့် မွန်ပြည်သစ်ပါတ႘တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွတ်ရေး နှင့် လွတ်မြောက်ရေးတပ်ပေါင်းစု(တညလ)၏အသံလွှင့်ဌာနတွင် မွန်ဘာသာဖြင့် အသံလွှင့်ခြင်းကို တာဝန်ယူခဲ့ သည်။ ၁၉၇၂ ခုနှစ်တွင် ဥက္ကဌနိုင်ရွှေကျင်၏ နောက်ကိုလိုက်ခဲ့ရသောကြောင့် မဟာမိတ်အဖွဲ့အစည်းများ၏ခေါင်းဆောင်များ နှင့် တွေ့ဆုံဆက်ဆံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင်(KNU)ဗဟိုဌာနချုပ်မာနယ်ပလောစခန်းတွင် ကျင်းပသောအဖွဲ့(၁၃) ဖွဲ့ တက်ရောက်သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ နှီးနှောဖလှယ် ပွဲသို့တက်ရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်လယ်မှ ၁၉၈၇ ခုနှစ်လယ်အထိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ NDF)တွင် အထွေထွေအတွင်းရေးမှူး အဖြစ်တစ်နှစ်ကျော် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှောင်းပိုင်းတွင်စတင်ဖွဲ့စည်းခဲ့သော မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ခေါ်(DAB)တွင် တွဲဖက်အတွင်းရေးမှူး အဖြစ်တစ်နှစ်ကျော်တာဝန်ယူခဲ့သည်ပြီး ၁၉၉၃ ခုနှစ် လယ်မှ ၁၉၉၅ ခုနှစ်အလယ်အထိ(မဒမခ)တပ်ပေါင်းစုတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ မာနယ်ပလော သဘောတူစာချုပ် ချုပ်ဆိုသောစည်းဝေးပွဲနှင့် မယ်သရောထာသဘောတူညီချက် ချုပ်ဆိုသောနှီးနှော ဖလှယ်ပွဲတို့ တွင်ပါဝင်ခဲ့သည်။ မွန်ပြည်သစ်ပါတီ၏ ကိုယ်စားလှယ်တဦးအနေဖြင့်မဟာမိတ်ရေးရာနှင့် တပ်ပေါင်းစု ရေးရာ လုပ်ငန်း များတွင် မကြာခဏ တာဝန်ယူခဲ့သည်။ ထို့ကြောင့်တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံမှ ခေါင်းဆောင် ကိုယ်စားလှယ် တော်တော်များများနှင့် သိကျွမ်းရင်းနှီးခဲ့ကြသည်။ ၄င်းတို့နှင့် နိုင်ငံရေးရာကိစ္စရပ်များကို အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင် အမြင်ဖလှယ်ခဲ့ရာမှ ကျွန်ုပ်တို့နိုင်ငံ၏အခြေခံနိုင်ငံရေးပြဿနာသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားနေ ခြင်းကြောင့်ဖြစ်ကြောင်း သိမြင်နားလည်ခဲ့သည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်ခုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည် ဆောက်နိုင်သမျှငြိမ်းချမ်းအောင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်၍ရမည်မဟုတ်သည်မှာ အထူးပြောဖွယ်ရာ လိုမည်မထင်ပါ၊ ၄င်းကို ခံစားနားလည်သဖြင့် (မဒမခ) ခေါ် (DAB) တပ်ပေါင်းစုဖြစ်ပေါ်လာပြီးနောက် တိုင်းရင်းသား လူမျိုးပေါင်းစုံ လက်ခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)တစ်ခုပေါ်ပေါက်လာ ရေးကို အများနှင့်အတူစတင်ကြိုးပမ်းခဲ့သည်။ ထိုကာလတွင် ဥပဒေပညာရှင်များ အတော်အတန်ပြည့်စုံနေသဖြင့် မူကြမ်း ရေးဆွဲရေးကော်မတီ ဖွဲ့စည်းခြင်း၊ အခြေခံသဘောထားရရှိရန် နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းတို့ကို လုပ်ဆောင် လာခဲ့သည်။

ထိုအချိန်မှစပြီး မိမိအနေနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ အခြေခံသဘောထားဇစ်မြစ်များကို ပိုမို လေ့လာရှာဖွေဖြစ်ခဲ့သည်။ ထိုသို့ရှာဖွေလေ့လာနေစဉ် တောင်ကြီးဦးထွန်းမြင့် ရေးသားခဲ့သော “ရှမ်းပြည်ဘယ်လဲ” ဆိုသည့်စာအုပ်ကို ရှမ်းကိုယ်စားလှယ်တစ်ဦးထံမှ လက်ခံရရှိဖတ်ရှုခဲ့ရသည်။ ထိုစာအုပ်သည် ပင်လုံစာချုပ် အကြောင်း ၁၉၄၇ ခု ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်နှင့် ရှမ်းပြည်သူများ၏ နစ်နာချက်များ အကြောင်းတို့ကို စုပေါင်းထားသော စာအုပ်ဖြစ်သည်။ တောင်ကြီးဦးထွန်းမြင့်သည် ၄င်းကိုယ်တိုင် ပါဝင်တွေ့ကြုံခဲ့ သောနိုင်ငံရေး ဖြစ်စဉ် အတွင်းမှ ရရှိခဲ့သည့်ခံစားချက်အမြင် သဘောထားများကို ပစ္စုပ္ပန်နှင့် အနာဂတ်ပြည်သူများ သိရှိနားလည်ရန် ရေးသား ခဲ့ပါသဖြင့် ကျွန်ုပ်တို့အတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာများကို လွယ်လွယ်နှင့် ရရှိစေခဲ့သည်။

တော်လှန်ရေးတွင် စာပေရေးသားပြီး ဘဝတူရဲဘောများနှင့် ပြည်သူများကို စည်းရုံးပညာပေးခြင်းသည် အလွန်လို အပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်သည် အကြောင်းအရာမျိုးစုံကို ဝတ္တု၊ ကဗျာ၊ ဆောင်းပါး၊ အသွင်မျိုးစုံ ကလောင်နာမည်မျိုးစုံဖြင့် ရေးသားကာ ဂျာနယ်၊ မဂ္ဂဇင်းမျိုးစုံကို ပေးပို့ခဲ့သည်။ ၁၉၈၈ ခု နောက်ပိုင်းတွင် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို စတင်အလေးထားပြီး ရေးသားဖြစ် ခဲ့သည်။

ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် ၁၉၈၈ ခုကို ထူးခြားသော အလှည့်အပြောင်းတစ်ခုအဖြစ် အားလုံးလိုလိုက ရှုမြင်ကြသည်။ သို့သော် ရှုမြင်ကြသော အမြင်သည် တစ်မျိုးတည်း၊ တစ်ထပ်တည်း မဟုတ်ပါ။ မြို့ကြီးပြကြီးများတွင် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကိုသာ အလေးထားတောင်းဆိုကြသော်လည်း နယ်စပ်နှင့် တောနယ်များတွင် ဒီမိုကရေ စီရေးနှင့် ဗမာလူမျိုးစုနှင့် ကျန်တိုင်းရင်းသား လူမျိုးစုများအကြား ညီညွတ်မှုရရှိရေးကို တောင်းဆိုကြသည်။ ၄င်းကို လုပ်ငန်းစဉ်အားဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်ရန်ဖြစ်သည်။

ဤလုပ်ငန်းစဉ်ကို အချို့သောနိုင်ငံရေးပါတီအဖွဲ့အစည်းများက လက်မခံလိုကြပါ။ ၄င်းတို့က ဒီမိုကရေစီစနစ်ပေါ်ထွန်း ရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယ၊ ဖြစ်သည်။ ဒီမိုကရေစီရရှိပြီးမှ နိုင်ငံတော်ဖွဲ့စည်းပုံကိစ္စကို ဖော်ဆောင်မည်။ ဖွဲ့စည်းပုံကိစ္စ၊ တိုင်းရင်းသားအခွင့်အရေးကိစ္စကို တချိန်တည်းတွင် စဉ်းစားဖော်ဆောင်နေပါက ဒီမိုကရေစီရရှိရေးကို နှောင့်နှေးထိခိုက်စေမည်ဟု မြင်ကြသည်။

သို့သော်ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများကမူ မိမိတို့အခွင့် အရေးအတွက် တစ်စုံတစ်ခုသော အာမခံ ချက်မရှိပဲ ဗမာတို့ကိုမယုံကြည်၊ မပူးပေါင်းလို။ ဤအသိခံစားချက်ကို ၁၉၄၈ မှ ၁၉၈၈ အထိ နှစ်ပေါင်း (၄၀) ကာလ အတွေ့အကြုံများမှ ခိုင်မြဲလာစေခဲ့သည်။ ၄င်းတို့အနေဖြင့် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးသည် ဒင်္ဂါးတစ်ခု၏ ခေါင်းနဲ့ပန်းပမာခွဲ၍မရပါ တပြိုင်တည်းဖော်ဆောင်ရမည်ဟု မြင်သည်။ မတူညီသောဘဝ မတူညီသော ပတ်ဝန်းကျင်မှ ကြီးပြင်းလာသူများအကြား ကျေကျေနပ်နပ်နှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်ရန် ဆွေးနွေး ညှိနှိုင်း ပညာပေးမှုသည် များစွာလိုအပ်မည်ဖြစ်ပေသည်။

ထိုသို့လိုအပ်နေသည့်အလျှောက် ယခုခေတ်နိုင်ငံရေးဇာတ်ခုံတွင် ဇာတ်ပို့ဇာတ်ရံအဖြစ် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့ သော ကျွန်ုပ်သည်လည်း မိမိ၏အသိ အမြင်ခံစားချက်များကို တခါတရံ ဆောင်းပါးအသွင်ဖြင့် ရေးသားဖြစ်ခဲ့သည်။ ထိုရေးသားခဲ့သော စာမူဟောင်းများထဲမှ ကျွန်ုပ်တို့နိုင်ငံအတွက် ၁၉၄၇ ခုမှ ယနေ့အထိ လိုအပ်နေဆဲဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သည့်ဆောင်းပါးများကို ပြန်လည်ရှာဖွေတွေ့ရှိသမျှစုစည်းပြီး မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း အမြင်သဘောထားများ မျှဝေနိုင်ရန် စာအုပ်ငယ်အဖြစ် ရိုက်နှိပ်ဖြန့်ဝေသောဆန္ဒရှိပါသည်။

ဤစာအုပ်ပါဆောင်းပါးများတွင် ဖော်ပြထားသည့်အချက်အလက်တစ်ချို့သည် မှားယွင်းအားနည်းချက် ရှိပါကစာရေး သူ၏တာဝန်သာဖြစ်ပါသည်။ ထောက်ပြပေးနိုင်ပါက အထူးကျေးဇူးတင်ပါမည်။ ဤစာအုပ်ငယ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး အတွက် တစုံတရာအထောက်အကူဖြစ်ပါက စာရေးသူအဖို့ကျေနပ်ပြီးဖြစ်ကြောင်း။

နိုင်ဟံသာ
သက္ကရာဇ် ၂၀၀၅ ခုနှစ်။
မှတ်ချက်။ ။ ဤဆောင်းပါးများသည် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး(နိုင်ဟံသာ)စာအုပ်မှ တိုက်ရိုက်ကူး ယူဖေါ်ပြထားပါသည်။

ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရချိန်မှာ ယနေ့တိုင် ကျွန်ုပ်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုမှတ်ယူလက် ခံထားခဲ့ကြပါသည်။ ဤ ပြည်ထောင်စု၏ ပြည်နယ်များကို ပထဝီအခြေခံဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်၊ လူမျိုးတို့၏ စုစည်းနေထိုင်မှုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပြည်နယ်နာမည်များကိုလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဆိုင်ရာလူမျိုးတို့၏ နာမည်များကို အတိအလင်းဖော်ပြထားသည်။ ဤသည်မှာ လူမျိုးစုပါဝင်သည့်ပြည်ထောင်စုတစ်ခု ဖြစ်ကြောင်း သဏ္ဍန်အားဖြင့် ပေါ်လွင်ထင်ရှားစေသည်။ သို့သော် ၎င်းကို မှတ်ကျောက်တင်စစ်ဆေးကြည့်ပါက အရေခြုံ၊ ရွှေမှုံကြဲ၊ “နာမည်ခံပြည်ထောင်စု” ဖြစ်နေကြောင်းကို နိုင်ငံရေးသမား များနှင့် တိုင်းရင်းသားခေါင်းဆောင်တို့က ကောင်းစွာနားလည်ထားကြသည်။ ဤ ပြည်ထောင်စု၏ ၁၉၄၇ ခုဖွဲ့စည်းပုံ သည် ပြည်နယ်ပြည်မပုံစံဖြင့် ဖွဲ့စည်းထားပြီး ပြည်မက ပြည်နယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၄၇ ခု ဖွဲ့စည်းပုံသည် ပြည်နယ်များ တိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တခုတည်းသော ဗဟိုအစိုးရက အာဏာကိုချုပ် ကိုင်ထားသည်။ ထို့ကြောင့်ပြည်နယ်ဟူသည်မှာ နာမည်ခံဟန်ပြမျှသာဖြစ်သောကြောင့် “အတုအယောင်ပြည်ထောင်စု’’ ဖြစ်ကြောင်းထင်ရှားသည်။

ပြည်ထောင်စုအမည်ခံယူထားပြီး အဘယ်ကြောင့်အတုအယောင် ဖြစ်နေရပါသနည်း။ မေးစရာရှိပါလိမ့်မည်။ အဖြေမှာ အာဏာရခေါင်းများ (အထူးသဖြင့် ဗမာလူမျိုးခေါင်းဆောင်များ)သည် တိုင်းရင်းသားအရေးကို အလေးမထားသော ကြောင့်ဖြစ်သည်။ အဘယ်ကြောင့်အလေးမထာရသနည်း။ အဆင့််နေရာမှန်ကို နားမလည်၍ ဖြစ်နိုင်သလို၊ လွှမ်းမိုးဝါး မျိုလို၍ လည်းဖြစ်နိုင်သည်။ တိုင်းရင်းသားများ၏ အဆင့်နေရာမှန်ကိုဖုံးကွယ်နိုင်ရန် ကြီးကျယ်သော နိုင်ငံရေး အဘိဓမ္မာစကားလုံးများဖြင့် ဖုံးအုပ်ခဲ့ကြသည်။ လွန်ခဲ့သော အနှစ် ၃၀/၄၀ ကျော် ကွန်မြူနစ်ဝါဒခေတ်ကောင်းခဲ့စဉ်က “လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ၏ လက်အောက်ခံဖြစ်သည်။ လူတန်းစားပြဿနာကို ဖြေရှင်းပြီးသည်နှင့် လူမျိုးရေးပြဿနာသည်လည်း အလိုလိုပြေလည်သွားမည်” ဟုဆိုခဲ့ကြသည်။ လူမျိုးရေးပြဿနာကို တင်ပြလျှင် အမြင်ကျဉ်းသည်ဟု နှိမ့်ချပြောဆိုတတ်ကြသည်။

ဒီမိုကရေစီခေတ်ရောက်ပြန်သောအခါ “လူမျိုးရေးဆိုင်ရာအခွင့်ရေးသည် လူအခွင့်အရေးဘောင်ထဲတွင်ရှိသည်။ ဒီမိုကရေစီစနစ်သည် လူ့အခွင့်အရေး မှန်သမျှကို ဖော်ဆောင်ပေးသည်ဖြစ်သောကြောင့် ဒီမိုကရေစီရပါက လူမျိုးရေး ဆိုင်ရာ အခွင့်အရေးများလည်း အလိုလိုရရှိလိမ့်မည်” ဟုဆိုပြန်ပါသည်။ ဤသို့ ကွန်မြူနစ် ဒီမိုကရေစီနိုင်ငံရေးဘိဓမ္မာ ဆရာကြီးများ (အားလုံးကိုမဆိုလို) ၏ ဒဿနဆန်သော နိုင်ငံရေးဝေါဟာရများဖြင့် တိုင်းရင်းသားများ၏ အဆင့်နေရာ မှန်ကို ဖုံးကွယ်ခဲ့ကြသည်။ မည်သို့သော သဘောထားမျိုးရှိရှိ၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် လွတ်လပ်ခွင့်ကို ဘေးဖယ်ထားခဲ့ကြသဖြင့် ပြည်တွင်းစစ်မီး အနှစ် (၅၀) ကျော် တောက်လောင်ခဲ့ရခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ အဆင့်နေရာမှန်ကို အများသိအောင် မီးမောင်းထိုးတင်ပြလို၍ ဤဆောင်းပါး ကို ရေးသားတင်ပြရခြင်းဖြစ်သည်။

၁။ ရှေးအတိတ်ကသမိုင်းနောက်ခံ
မိမိတင်ပြလိုသော ဦးတည်ချက်အတွက် လိုအပ်မည်ဟု ယူဆသည့် အတိတ်သမိုင်းတစ်ချို့ကို တင်ပြပါမည်။ သို့သော် ဦးစားပေးထည့်တွက်ရမည့် ပစ္စုပ္ပန်နှင့် အနာဂတ် အရေးအတွက် သမိုင်းနောက်ခံအချို့ကြောင့် အနှောင့်အယှက် မဖြစ်စေလိုပါ။ ထို့ကြောင့် အထူးမလိုအပ်သည်များနှင့် အငြင်းပွားစရာများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ တင်ပြပါမည်။

ဤ ပြည်ထောင်စုအဝန်းအဝိုင်းတွင် ရပ်တည်နေထိုင် ကြကုန်သော ကချင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဝ၊ လားဟူ၊ စသည့် တိုင်းရင်းသားတို့သည့် နှစ်ပေါင်းထောင်နှင့်ချီ၍ ဤမြေတွင် နေထိုင်လာခဲ့ကြသည်။ အားလုံးသည် ဌာနေတိုင်းရင်းသားများဖြစ်ကြသည်။ ဦးစွာရောက်ရှိနေရာရထားခြင်း၊ လူဦးရေများခြင်း၊ အင်အားကြီး မားခြင်း၊ ဓလေ့ထုံးစံနှင့် အကြိုက်ကို လိုက်ပြီး နေရာရွေးချယ်ခြင်း၊ စသည်ဖြင့်နေရာယူနေလာထိုင်ခဲ့ကြရာမှ သူ့ဒေသ နှင့် သူသတ်သတ်မှတ်မှတ် ဖြစ်ရှိလာခဲ့သည်။ သူဒေသသူနေ၊ သူ့လူမျိုးအရေးကို သူဖန်တီး၊ သူ့မင်း၊ သူ့စော်ဘွား၊ သူ့စော်ကဲ၊ သူ့စော်ဖျာ၊ သူ့ဒူးဝါး၊ သူ့တောင်ပိုင်၊ သူ့တောင်အုပ်တို့နှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။ ဤသည်မှာ ခရစ်နှစ် အေဒီ ၉/၁၀ ရာစုထိဖြစ်သည်။

ဗမာတို့သည် အေဒီ ၉ရာစုတွင် ဤပြည်ထောင်စုဒေသအတွင်းသို့ စတင်ရောက်ရှိလာကြောင်း၊ ထိုမတိုင်မီက မွန်နှင့် ပျူတို့သည် မြို့ပြနိုင်ငံများတည်ထောင်ပြီး စာပေ၊ ယဉ်ကျေးမှုတို့ဖြင့် ထင်ထင်ရှားရှားတည်ရှိနေပြီး ဖြစ်ကြောင်း၊ ဗမာတို့အင်နှင့်အားနှင့် ဝင်ရောက်လာချိန်တွင် ပျူနိုင်ငံသည် တရုတ်တို့၏တိုက်ခိုက်ဖျက်စီးခြင်း ခံထားရသည့် ကာလ ဖြစ်သဖြင့် အားနည်းပျက်စီးနေကြောင်း၊ ၎င်းနေရာတွင် ဗမာတို့ဝင်ရောက်နေရာရခဲ့ပြီး တစတစနှင့် မြို့ပြနိုင်ငံတည် ထောင်လာခဲ့ကြောင်း သမိုင်းစာအုပ်များတွင် အများနှင့်တူ ကျနော်လေ့လာ သိရှိရသည်။

ထိုကာလမှ (၁၁) ရာစုဦးပိုင်းအထိသည် အလယ်ပိုင်းတွင် ဗမာနိုင်ငံ၊ အနောက်ပိုင်းတွင် ရခိုင်နိုင်ငံ၊ တောင်ပိုင်းတွင်၊ မွန်နိုင်ငံဟူ၍ ထင်ထင်ရှားရှား ထီးပြိုင်နန်းပြိုင်များဖြင့်တည်ရှိခဲ့သည်။ အခြားလူမျိုးတို့သည် တိုင်းနိုင်ငံအဖြစ် မထင်ရှား သော်လည်း မိမိတို့နယ်မြေတွင် မိမိတို့အကြီးအကဲနှင့် မိမိတို့အမျိုးသား ကံကြမ္မာကို မိမိတို့ဖန်တီးခဲ့ကြသည်။

(၁၁) ရာစုမှာ ပုဂံတွင် မင်းလုပ်နေသော ဗမာဘုရင်အနော်ရထာက စစ်အင်အားဖြင့် နိုင်ငံကိုတိုးချဲ့ပြီး၊ ပထမဗမာ အင်ပါရာနိုင်ငံကို တည်ထောင်ခဲ့သည်။ (၁၃) ရာစုအထိ တည်တံ့ခဲ့သည်။ (၁၆) ရာစုတွင် တောင်ငူမှ ဗမာဘုရင် ဘုရင်နောင်သည် စစ်အင်အားဖြင့်ပင် ဒုတိယဗမာအင်ပါရာနိုင်ငံကို တည်ထောင်ခဲ့သည်။ (၁၈) ရာစုအထိ တည်တံ့ခဲ့ သည်။ (၁၈) ရာစုတွင်ပင် မုဆိုးဘိုရွာသား အလောင်းဘုရား ဦးအောင်ဇေယျသည် တတိယဗမာအင်ပါရာနိုင်ငံကို တည်တေထာင်ခဲ့သည်။ (၁၉)ရာစုအထိ တည်တံ့ခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်တို့ ဝင်ရောက်လာခဲ့ပြီး ရပ်ဝေး တိုင်းသားတို့၏ကိုလိုနီကျွန်ဘဝအောက် လူမျိုးအားလုံး ရောက်ရှိခဲ့ကြရသည်။

ဗမာဘုရင်များနယ်မြေချဲ့ထွင် သိမ်းယူထားခဲ့သော ပထမ၊ ဒုတိယ၊ အင်ပါရာခေတ်ကာလများတွင် စစ်ရှုံးသောနယ် မြေများကို ဘဏ္ဍာ၊ သမီးကညာနှင့် လိုအပ်သည့်အခါ စစ်သားများပေးပို့ရသော လက်အောက်ခံ နယ်စားများ အဖြစ် ထားရှိကြောင်း လေ့လာထားရှိရသည်။ အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုတို့အပေါ် လွှမ်းမိုးချယ်လှယ် ဖျက်ဆီးခြင်း မပြုကြ ပေ။ အလောင်းဘုရား (ခေါ်) ဦးအောင်ဇေယျ၏ တတိယအင်ပါရာခေတ်တွင်ကား မြေသြဇာ၊ ရာသီဥတု၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဆက်သွယ်ရာ တံခါးပေါက်ဖြစ်သော နယ်မြေများကို ဗမာပိုင်နယ်မြေအဖြစ် ထာဝရရယူနိုင်ရန် စနစ်တကျ စီစဉ်ခဲ့သည်။ ထို့ကြောင့် ဤအချိန်တွင် သတ်ဖြတ်မောင်းထုတ်၊ ဝင်ရောက်နေရာယူ ဝါမျိုးမှုများ ပြုခဲ့သည်။ ဤသို့ဖြင့် တောင်ပိုင်းသို့ ဗမာများရောက်ရှိလွှမ်းမိုး နိုင်ခဲ့သည်။

ဤသမိုင်းနောက်ခံဖြစ်စဉ်အပေါ် သုံးသပ်ကြည့်ပါက ယနေ့ပြည်ထောင်စု၏ ပြည်နယ်နယ်နမိတ်အတွင်းရှိ နယ်မြေများ သည် မူလအစဉ်အဆက်အားဖြင့်ဌာနေလူတိုင်းရင်းသားများ ပိုင်ဆိုင်သောနယ်မြေများ ဖြစ်သည်။ ရွေ့လျားပြောင်းလဲ မှုအချို့ရှိခဲ့သော်လည်း မိမိတို့မူလဘိုးဘွားနယ်မြေတွင်ဆက်လက်ရပ်တည်လျှက်ရှိကြသည်။ တိုင်းရင်းသားများ အကြားတွင်ဗမာသည် အင်အားပိုကြီးသော (စူပါပါဝါ) လူမျိုးဖြစ်ပြီး အချက်အခြာ နယ်မြေများကို ရရှိပိုင်ဆိုင်ထား နိုင်ငံကြသည်။ သို့သော် နယ်မြေအားလုံးကို ဗမာတို့ကသာ ပိုင်ဆိုင်ခဲ့သည်၊ ဗမာတို့၏ ဘိုးဘွားပိုင်မြေဖြစ်သည်၊ ထို့ကြောင့်ဆက်လက်ပိုင်ဆိုင်သင့်သည်ဟု မှတ်ယူ၍ မရစကောင်းပါ။

နိုင်ဟံသာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: