တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ

လှသော သမိုင်း Print E-mail
စာအုပ်စင်
မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 01 2009 16:27 – မြန်မာစံတော်ချိန်


မဇ္ဇျိမသတင်းဌာနမှ

(က)

ကျနော်သိမ်းထားသည့် စာဖိုင်တွဲအတွင်း၌ မဖတ်ကြည့်ရဲသည့် ကြေးနန်းစာတို တစောင်ရှိသည်။ မဖတ်ကြည့်ရဲသော်လည်း စာဖိုင်တွဲအား ပြန်၍ လှန်လှောကြည့်မိတိုင်း ဤ ကြေးနန်းစာတိုအား ဖတ်ကြည့်မိပြန်သည်သာ။ ဖတ်ကြည့်မိသည့် အချိန်တိုင်းတွင်လည်း နှလုံးသားမှ နာကျင်ရသလို၊ ဦးနှောက် အသိမှလည်း နစ်သည်းစွာ ခံစားရသည်။ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖြစ်သော်လည်း တွေးမိသည့် အချိန်တိုင်း၌ အသစ်တဖန် ဆန်းသစ်၍သာ နေတော့သည်။ ယနေ့အတိုင်း …… ။

ပေးပို့ ………

လက်ခံ …….

တဆင့် ……….

DTO……..

စ။ ၁၃းဝဝ နာရီတွင် ရေးမြို့နယ် ကျောက်တိုင်ရွာအတွင်းသို့ (ဒုဗိုလ်မှူးကြီး ရဲဒင် ဦးစီးသည့် စဗဟ (၂) စ က (၂) မှ ဝင်ရောက်။ ရွာတွင်း၌ရှိနေသည့် မိမိတို့ဘက်မှ စည်းရုံးရေးမှူးနှစ်ဦးအား လက်ရ ဖမ်းဆီးသွားခဲ့။ ၂ဝးဝဝ နာရီတွင် ဖမ်းဆီးသွားခဲ့သည့် သူ ၂ ဦးအား ကျောက်တိုင်ရွာအပင် ဘုန်းကြီးကျောင်းအနီး၌ လှံစွပ်ဖြင့် အချက်ပေါင်းများစွာ ထိုး၍ သတ်ပစ်ခဲ့သည်။ ဆုံး။

(ခ)

စာအုပ်အမည် – ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း

ရေးသူ – နိုင်ပန်းလှ

အုပ်ရေ – ၂ဝဝဝ (ဒုတိယအကြိမ်)

ထုတ်ဝေသည့်ခုနှစ် – ၁၉၉၇ ခုနှစ် ၊ မတ်လ

တန်ဖိုး – ၄၅ဝ ကျပ်

ပုံနှိပ်တိုက် – မြဝတီစာပေတိုက်

“သမိုင်းလေ့လာတဲ့ လူတိုင်း အထောက်အထားစုံအောင် ရချင်တယ်။ မွန်-ဗမာ ဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာလို့လဲဆိုတော့…. တချို့ အရေးကြီးတဲ့ ကိစ္စတွေကို မွန်ကတမျိုး၊ ဗမာက တမျိုး ပြောနေကြလို့ပါပဲ။ ဒီလို ပြဿနာပေါ်တိုင်း မှတ်တမ်းအထောက်အထားများလေ ကောက်ချက်ချရတာ လွယ်လေဖြစ်တယ်။ ဆိုချင်တာက မွန်အမှတ်အသား ပေါ်ထွက်လာတိုင်း ဗမာ့သမိုင်း လေ့လာသူတွေ ဝမ်းသာကြတယ်။ ဆရာနိုင်ပန်းလှက အခု တအုပ်ရေးထုတ်လိုက်တော့ ကျနော်တို့အားလုံး သူ့ကို ကျေးဇူးတင်ကြပါတယ်” ဤကား သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း စာအုပ်၏ အမှာစာတွင် ၁၉၇၇ ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်၏။

ဒေါက်တာ နိုင်ပန်းလှက ကျိုက်မရောမြို့နယ် ကော့ဗိန်းရွာ ဇာတိသားဖြစ်၏။ မွန်အမျိုးသားပညာရှင် တဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဇာတိရွာတွင် မွန်အမျိုးသားကျောင်းအား တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ထိုမှ နှစ် ၄ဝ ကျော် နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့၏။ အသက် ၇ဝ ဝန်းကျင်ရောက်မှ အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ P.HD, LLB ပါရဂူဘွဲ့များအား ရယူခဲ့သည့် ပညာရှင်ဖြစ်သည်။

ကျမ်းရင်းက မွန်ဘာသာနှင့် ရေးသားထား၏။ တောင်ငူခေတ် ဘုရင့်နောင် ကျော်ထင်နော်ရထာ လက်ထက်၌ အမတ်ကြီး ဗညားဒလမှ မွန်ဘာသာမှ မြန်မာဘာသာသို့ ပထမအကြိမ် ပြန်ဆိုခဲ့၏။ ယခု ဒေါက်တာ နိုင်ပန်းလှက ဒုတိယအကြိမ် မြန်မာဘာသာသို့ပြန်ဆိုခြင်းဖြစ်၏။ ၁၉၇၇ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့၏။ ယချှုစာအုပ်မှာ ဒုတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ ဘာသာပြန်မှု ကိစ္စနှင့် ပတ်သက်၍ စိစစ်ရေး စံချိန် ၂ ချက်ရှိ၏။ ဘာသာပြန်ဆိုသူသည် ကျမ်းစာအုပ်၏ မူရင်းဘာသာဗေဒတွင် ကျွမ်းကျင်မှု ရှိရမည်။ ပြီးလျှင် ဘာသာပြန်ဆိုမည့် ဘာသာဗေဒတွင်လည်း ပိုင်နိုင်ရမည်။ ထို့နောက် ပြန်ဆိုသည့် အကြောင်းအရာအပေါ်တွင်လည်း ပိုင်နိုင်ရမည်။ ထို့နောက် ပြန်ဆိုသည့် အကြောင်းအရာအပေါ်တွင်လည်း နှံ့စပ်ရမည်။ ဤအချက် စံနှုန်းများနှင့် ပြည့်စုံပါမှ ဘာသာပြန်မှုသည် ကောင်းမွန်ပြည့်စုံသည်ဟု ဒေါက်တာသန်းထွန်းက ဆို။ ဒေါက်တာ နိုင်ပန်းလှက ဤစံနှုန်းများနှင့် ပြည့်စုံသူဖြစ်၏။

(ဂ)

ပြည်မြို့အလွန် တလည်းဆီး၌ စခန်းချနေသည့် ရာဇဓိရာဇ်၏ သားတော် ဗညား ပုသိမ်သည် တပ်အားနုတ်၍ အလွဲး မြစ်ကမ်းနံဘေးသို့ ဆုတ်၏။ မင်းရဲကျော်စွာ၏ တပ်သည် ဗညားပုသိမ် ဆုတ်သွားသည်နှင့် ကြည်းတပ်၊ ရေတပ် အင်အား အလုံးအရင်းနှင့် တလည်းဆီးသို့ချီ၍ တပ်တည်သည်။ တလည်းဆီး၏ အောက်၌ ရာဇဓိရာဇ်၏ ဟံသာဝတီတပ်ရှိ၏။ အင်းဝဘုရင်မင်းခေါင်၏ တပ်က နောက်ခံတပ်အဖြစ် ပြည်တွင် နေ၏။၊ ဧရာဝတီပေါ်၌ နှစ် ၄ဝ ပြည်တွင်းစစ်၏ အနှောင်းပိုင်းကာလ……။ မင်းရဲကျော်စွာသည် ရာဇဓိရာဇ်ထံသို့ တမန်တော်လွှတ်ပြီး စာစေ၏။

ဟံသာဝတီ သူရဲကောင်းနှင့် အင်းဝသူရဲကောင်းတို့ စီးချင်းထိုးရန်၊ လဂွန်းအိမ်က ဟံသာဝတီမှ စီးချင်းထိုးမည့် သူရဲကောင်း၊ အင်းဝဘက်မှ စုက္ကတေး ……။ သို့သော် မင်းရဲကျော်စွာက စစ်ပရိယာယ်အား စီမံ၏။ လဂွန်းအိမ်အား စီးချင်းထိုး အနိုင်ယူနိုင်ရန် စုက္ကတေးအပြင် အခြားသူရဲ ၃ ယောက်ကိုလည်း ထပ်မံ၍ဖြည့်၏။ စစ်တို့မည်သည် အနိုင်ရရေးအပေါ် ကစားသည်ဖြစ်၍ စစ်ပရိယာယ်အား ဆင်၏။ ဧရာဝတီမြစ်ပြင်ဝယ် ဟံသာဝတီ သူရဲ လဂွန်းအိမ်၏ တိုက်လှေနှင့် အင်းဝ သူရဲတို့ စီးချင်းထိုးကြ၏။ အားမမျှ၍ နောက်ဆုံး လဂွန်းအိမ် ဒဏ်ရာ ပြင်းစွာ ရ၏။ အင်းဝတို့လက်သို့ လဂွန်းအိမ် ကျ၏။ လဂွန်းအိမ်က အင်းဝ၏ စစ်သုံ့ပန်းဖြစ်ရလေပြီ …….။

ဤတွင် သမိုင်း၏ အလှအား တွေ့ရတော့၏။ ကျမ်းပါအတိုင်း ကောက်နုတ်ဖော်ပြလိုသည်။

“မင်းရဲကျော်စွာသည် လဂွန်းအိမ်၏ ဒဏ်ရာကို မြင်ပြီး မရှင်တော့ပြီဟုဆို၍ ခမည်းတော်အား အကြောင်းကြားစေ၏။ ဘုရင်မင်းခေါင် ကြားရလျှင် သားတော် မင်းရဲကျော်စွာအား အပြစ်ဆို၏။ ငါတို့ မင်းဧကရာဇ် အချင်းချင်း စစ်ခင်းကျင်းသည့်အခါ သူရဲကောင်းကို မသတ်၊ ယခု လဂွန်းအိမ်ကို သေလောက်သော ဒဏ်ရာရအောင် ထိုးသတ်သည်မှာ မသင့်။ လဂွန်းအိမ် မသေအောင် ကုစားရမည်” ဟု မိန့်တော်မူပြီး သမားတော် တန္တဝါရီကို ခေါ်၍ လဂွန်းအိမ်၏ အနာကို ကုစေ၏။ မင်းရဲကျော်စွာသည် လဂွန်းအိမ်ကို ထားရာ လှေသို့ ရွှေ့လှော်ကားစီး၍သွား၏။ ရောက်လျှင် တင်းထိမ်ကို ဖွင့်၍ ကြည့်၏…….။

(ဃ)

သက္ကရာဇ် ၇၇၅ ခုနှစ်။

မင်းရဲကျော်စွာသည် ဟံသာဝတီ ပဲခူးအား အင်းဝ စစ်သည်တို့နှင့် ရံထား၏။ ရာဇဓိရာဇ်၏ သားတော် ဗညားကျန်းသည် မြို့တွင်းမှနေ၍ ဟံသာဝတီအား ခုခံ၍ နေသည်။ ရာဇဓိရာဇ်သည် မုတ္တမမှ ဟံသာဝတီသို့ ကြွချီ၍လာသည်။ ကြည်းတပ်၊ ရေတပ်များအား ပဲခူးမြစ်အတွင်း စခန်းချစေ၏။ ပြီးလျှင် မင်းရဲကျော်စွာထံသို့ မွန်သူရဲကောင်း ဥပါကောင်းအား လွှတ်၍ စာစေ၏။ မင်းရဲကျော်စွာနှင့် စီးချင်းထိုးရန် စစ်မြေပြင်သည် စစ်သူရဲများနှင့်အတိ ပြည့်လျက်ရှိ၏။

ရာဇဓိရာဇ်သည် ဆင်တပ်အား သုံးမျက်နှာ စစ်ဖြန့်၍ ချီလာ၏။ မင်းရဲကျော်စွာသည် မူးယစ်သည့် အရှိန်နှင့် နောက်တပ်အား မစောင့်ဘဲ သူ၏ ဆင်တပ်တခုတည်းနှင့် ချီလာ၏။ စစ်အင်္ဂါ မပြည့်စုံ။ မကြာ။ အင်းဝနှင့် ဟံသာဝတီတပ်တို့သည် ရင်ဆိုင်တွေ့ကြတော့သည်။ နှစ်ဖက်သော သူရဲ သူခက်တို့သည် ထွေးထွေးလုံးလုံးနှင့် တိုက်ခိုက်ကြ၏။ သွေးသံတို့က ရဲရဲနီလျက်။ ဖုန်လုံးကြီးများက နှစ်ဖက် သူရဲတို့အား အမြင်ဝေဝါး၍ နေစေ၏။ မင်းရဲကျော်စွာ၏ ဆင်တော် ငချစ်ခိုင်သည် မူးယစ်သည့် အရှိန်ကြောင့် စစ်မီးလျှံအတွင်း ဆိုးသွမ်း၍ လာတော့သည်။ ချွန်းကိုလည်း မကြောက်တော့။ ကြမ်းတမ်း၍ နေတော့သည်။ မင်းရဲကျော်စွာအား ကျောပေးမှ ခါချတော့သည်။ ပြီးလျှင် ဖုန်လုံးကြီးများအတွင်း မြင်မြင်သမျှအား လိုက်လံ၍ အစွယ်နှင့် ထိုးတော့သည်။ မင်းရဲကျော်စွာသည် ဆင်ထက်မှ ကျ၍ ခါးကျိုး၏။ အင်းဝတပ်က ပျက်လေပြီ။ အဆုံး၌ မင်းရဲကျော်စွာအား ရာဇဓိရာဇ်မှ စစ်မြေပြင်တွင် အရှင်မိ၏။ အင်းဝ စစ်သုံ့ပန်း မင်းရဲကျော်စွာအား ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မှ ဤသို့ဆို၏။

“ငါ့တူတော်သည် ငါ နှင့် စစ်ပြု၍ရှုံးရသည်မှာ စစ်တို့၏ ဓမ္မတာ အစဉ်အလာ ပဝေဏီဖြစ်သည်။ စစ်ပြုရာမှာ အနိုင်နှင့် အရှုံးသာရှိသည်။ ငါ့တူတော် ဝမ်းမနည်းပါနှင့်။ ဘုရင်မင်းခေါင်ကို ငါ့ညီတော်ဟု မှတ်သဖြင့် မင်းမှာကား ငါ့တူတော် ဖြစ်တော့သည်။ မြင့်မြတ်သော မင်းဧကရာဇ်သားပင် ဖြစ်သည်။ င့ါတူတော်သည် မင်းယောက်ျားဖြစ်သဖြင့် ဘာမျှ ဝမ်းနည်းဖွယ်၊ ပူဆွေးဖွယ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ငါ့တူတော်သည် စစ်တိုက်သည့်အရာမှာ တကယ့်ကို ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်။ တိုက်ခိုက်မှုမှာ သူမတူအောင် ကောင်းလှသည်။ ငါ့တူတော်၏ ကောင်းသတင်း၊ ကျော်စောသတင်းသည် အတိုင်းတိုင်း အပြည်ပြည်ဒေသ ခေတ္တရာ အသီးသီးသို့ ပျံ့နှံ့၍ ချီးမွမ်းသံတို့မှာ ထူထပ်လျက် ရှိပါသည်။ ငါ့တူတော်သည် ငါ၏ လက်သို့ ရောက်ရသော်လည်း မည်သည့် အန္တရာယ် တခုခုကိုမျှ မဖြစ်စေရပါ။ မင့်ခမည်းတော် ဘုရင်မင်းခေါင်သည် မင်းအား ယုယကြင်နာစွာ ပြုစုသည့်အတိုင်း မင်းကို ငါ ပြုစုပါမည်။ အမိသည် သားငယ်ကို ခါး၌ချီထား၍ အစာကို ခွံ့ကျွေးသကဲ့သို့ မင်းကို ငါ ပြစုကျွေးမွေးပါမည်။ ဘာမျှ မပူနှင့်တော့”

လွန်ခဲ့သော နှစ်ပေါင်း ၆ဝဝ မှ စစ်သူရဲကောင်း ရာဇာဓိရာဇ်၏ အင်းဝ သူရဲကောင်း စစ်သုံ့ပန်း မင်းရဲကျော်စွာအပေါ် ပြောဆိုခဲ့သည့် စကား။ ကျနော့်ရင်တွင် နင့်၍လာ၏။ ပြီးခဲ့သည့် ၁ဝ နှစ်မှာ ကျနော့်ထံ ပေးပို့ခဲ့သည့် ကြေးနန်းစာမှ စာသားများက ခြောက်လှန့်၍ လာပြန်သည်။ ပဒေသရာဇ် စနစ်အတွင်း စစ်မြေပြင်မှ ယဉ်ကျေးသော သမိုင်းအလှများက ဧရာဝတီမြစ်ပြင်ပေါ်ဝယ် ရှိခဲ့၏။ ယဉ်ကျေးသော စစ်မြေပြင် စစ်သုံ့ပန်း ဥပဒေ……။ လှပလှပေစွ…..။ ယခုမူ ။ ဧရာဝတီ ငိုနေပြီလား…….။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: