တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ
စစ်အစိုးရတွန်းပို့သည့် ငြိမ်းချမ်းရေးအမည်ခံ ငရဲလားရာလမ်း

တနင်္လာနေ့၊ စက်တင်ဘာလ 13 ရက် 2010 ခုနှစ် မန်းအိုင်ဖန်း ဆောင်းပါး ကေအိုင်စီ

လူမျိုးတိုင်း တန်းတူရေး၊ ကိုယ်ပိုင်ဠာန်းခွင့်ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ မွေးရာပါ အခွင့်အရေးတွေ အကြောင်း တွေကို ပြောဆိုပြီး တိုင်းပြည်ထောင်စု မပြိုကွဲရေးခေါင်းစဉ်နဲ့ လူမျိုးစုငယ်တွေကို ‘ခွဲထွက်ရေးသမားများ’ ဟု တံဆိပ်ခတ်ကာ ဆက်တိုက်ဖိနှိပ်အုပ်ချုပ်ခဲ့တာဟာ မဟာလူမျိုးကြီးဝါဒသမားတွေရဲ့ လူမျိုးရေးဝါးမျိုမှုနဲ့ ပြည်ထောင်စု အတုအယောင်ဖြစ်တဲ့ တပြည်ထောင်စနစ် အုပ်ချုပ်ရေးဆိုတာ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အထင်အရှားပါ။

၁၉၆၂ ခုနှစ်၊ မတ်လ ၂-ရက်နေ့မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူအခွင့်အရေးရရှိစေမယ့် ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ လွှတ်တော်အတွင်းမှာ ဒီမိုကရေစီနည်းနဲ့ ကြိုးပမ်းခဲ့ရာမှာ ဗိုလ်နေ၀င်း ဦးဆောင်တဲ့ ဗမာ့တပ်မတော်က တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပြီး တပြည်ထောင်စနစ်ကို စစ်အာဏာနဲ့ ကျားကန်ပေးခဲ့ပါတယ်။ အဲဒီအချိန်က အဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်ရေးအတွက် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ ချီတက်မယ်လို့ ကြွေးကြော်ပြီး ဗမာလုပ် ဆိုရှယ်လစ်စနစ်နဲ့ ပြည်သူတွေကို စစ်ဖိနပ်အောက်မှာ နင်းထားပြီး ချွေးသိပ်လှည့်စားခဲ့ပြန်ပါတယ်။
တစ်ဖက်ကလည်း တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကို ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်လို့ တောထဲပြန်မယ်ဆိုရင်လည်း ပြန်လိုရာဒေသတွေအထိ လိုက်လံပို့ဆောင်ပြီး ၇ ရက်အတွင်း တိုက်ခိုက်မှု ရပ်စဲပေးမယ်လို့ အာမခံချက် ပေးလိုက်ပါသေးတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့အထဲမှာ ပထမဦးဆုံး ဆွေးနွေးပွဲ ပျက်သွားတာကတော့ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)က သခင်စိုးတို့အဖွဲ့ပါ။ အပြန်ခရီးမှာ ဗိုလ်နေ၀င်းတပ်က လိုက်တိုက်လို့ သခင်စိုးကြီး အသက်ဘေးက သီသီ ကလေး လွှတ်ခဲ့ရပါတယ်။ ဒုတိယ ဆွေးနွေးပွဲပျက်တဲ့ အဖွဲ့ကတော့ ရဲဘော်ဌေး ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇံ ခေါင်းဆောင်တဲ့ ကေအဲန်ယူပါတီနဲ့ နိုင်ရွှေကျင် ခေါင်းဆောင်တဲ့ မွန်ပြည်သစ်ပါတီတို့ စုစည်းပေါင်းစပ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီညီညွှတ်ရေးတပ်ပေါင်းစု (မဒညတ) ပါပဲ။

BoWin_YeHtut_LinHtin_AgSein_Mosesဒီဖြစ်ရပ်ကို သိလိုက်တဲ့ မဒညတ က ပဲခူးရိုးမကနေ တပ်အင်အားနဲ့ လာကြိုဖို့ ကြိုတင်စီစဉ်ထားတာကြောင့် ဗိုလ်နေ၀င်း တပ်ရဲ့ အန္တရာယ်က လွတ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာလည်း ဧရာဝတီတိုင်းကို ရောက်နေတဲ့ ကေအဲန်ယူပါတီ အရံ ဗဟိုကော်မတီရဲ့ နေရပ်ပြန်ကိစ္စ အစိုးရက ဘာအကူအညီပေးရမလဲပြောတော့ ကေအဲန်ယူ လူကြီးတွေက သူ့အစီအစဉ်နဲ့သူ ပြန်မှာလို့ ပြန်ပြောခဲ့တယ်။

အဲဒီအချိန်မှာ ကေအဲန်ယူ အရံဗဟိုကော်မတီ မန်းဘစော အမှတ် (၇) ခရိုင် ပန်းတနော်မြို့နယ်ကို ကေအဲန်ယူ အောက်ခြေနဲ့ အစည်းအဝေးလုပ်ဖို့ ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ရေဒီယိုကနေ မဒညတနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်တယ် လို့လည်း ကြေညာလိုက်ရော ပန်းတနော်မြို့မှာရှိတဲ့ စစ်တပ်က တောကျောင်းရွာ ရောက်နေတဲ့ မန်းဘစောကို ဖမ်းဖို့ လမ်းတွေပိတ်ဆို့ခဲ့ကြတယ်။ မန်းဘစောလည်း စစ်တပ်မရောက်ခင် ရှောင်တိမ်းနိုင်လို့ အသက်ဘေးက သီသီကလေး လွတ်မြောက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းက စတင်လိုက်တဲ့ စစ်အာဏာရှင်စနစ်ကို ဗိုလ်စောမောင်တို့ ဗိုလ်သန်းရွှေတို့ကလည်း အစဉ်အလာမပျက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စတဲ့ နာမည်တွေ အမျိုးမျိုးပြောင်းလဲပြီး အသက်ဆက်ပေးခဲ့ပြန်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်နဲ့ အမီ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အသက်ဆက်ရာမှာ လုပ်နည်းလုပ်ဟန်သာ ပြောင်းလဲပေမယ့် စစ်အာဏာရှင်ရဲ့ သရုပ် သဏ္ဍာန်ကတော့ အရင်အတိုင်းပါပဲ။ ဗိုလ်နေ၀င်းတုန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အောင်မြင်ခဲ့တဲ့ အဖွဲ့တဖွဲ့ရှိခဲ့ပါ တယ်။
အဲဒါက စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ ကေအာရ်စီ ခေါ် ကရင့်တော်လှန်ရေးကောင်စီပါ။ သူ့နောက်က ကေအာရ်စီ ဗိုလ်ချုပ်စောအုန်းဖေ၊ တပ်မဟာ(၃) ဗိုလ်ထရူးမင်း၊ တပ်မဟာ(၅) ဗိုလ်လင်းထင်တို့ ပါလာကြတယ်။ စောဟန်တာသာမွှေးနဲ့ ဗိုလ်ချုပ်စောအုန်းဖေတို့ကိုတော့ ရန်ကုန်ကုန်းမြင့်သာမှာ စစ်အစိုးရက နေရာချထားပေးခဲ့ပါတယ်။ တပ်မဟာ (၅) ဗိုလ်လင်း ထင်နဲ့ တပ်မဟာမှူး ဗိုလ်ဝင်းတို့ကတော့ သထုံနဲ့ ရန်ကုန်အကြား အိမ်ဦးနဲ့ကြမ်းပြင် ပမာ သွားလိုက်လာလိုက်ပေါ့။

တပ်မဟာ(၅) ဌာနချုပ်က သထုံမြို့နယ်ထဲက မြစ်ကျိုးမှာ ရှိတယ်။ ၁၉၆၄ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် နေ့လည် လောက်မှာ သထုံစစ်တပ်က တပ်ရင်းမှူးက ရဲဘော် တစ်ယောက်ကိုလွှတ်ပြီး ဗိုလ်လင်းထင်ကို Red Label အရက်ပုလင်း တစ်လုံး လက်ဆောင်ပေးခိုင်းခဲ့တယ်။ အဲဒီအချိန်မှာ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့က ဖီးယက်ကားတစ်စီးနဲ့ ထွက်သွားလို့ ဗိုလ်လင်းထင် တပည့်တစ်ယောက်က အဲဒီပုလင်းကို ယူထားလိုက်ပါတယ်။

အမှန်ကတော့ သထုံတပ်ရင်းမှူးက ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ အိမ်မှာရှိမရှိ စုံစမ်းခိုင်းတာသာ ဖြစ်တယ်။ အဲဒီအချိန်မှာပဲ တပ်မဟာ(၅) ဌာနချုပ်(မြစ်ကျိုး)က တပ်ရင်းမှူးစောစေးထူးက ဗိုလ်လင်းထင်ရှိတဲ့ သထုံကို ဗိုလ်ကြီးရွှေနဲ့ ဗိုလ်မိုးဇက်တို့က တပ်မဟာ (၅) အမိန့်ကို မနာခံကြောင်း မြစ်ကျိုးရွာသူကြီးနဲ့ စာပို့လိုက်တယ်။ ဗိုလ်လင်းထင် ပြန်မရောက်သေးလို့ ဗိုလ်လင်းထင်ရဲ့ တပည့်တစ်ယောက်ကပဲ စာယူထားလိုက်တယ်။

ညနေ (၅) နာရီရောက်တော့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ ပြန်ရောက်လာတယ်။ စာကိုတွေ့တော့ ဗိုလ်ဝင်းနဲ့ အဖော်လေး ယောက် ဘီးလင်းမြို့နယ်၊ နတ်ကြီးရွာမှာရှိတဲ့ ဗိုလ်ကြီးရွှေကို ဗိုလ်လင်းထင်က သွားခေါ်ခိုင်းရာမှာ သထုံစစ်တပ်ကို ကား အကူအညီ လှမ်းတောင်းပြီး စစ်တပ်ကားရောက်လာတဲ့အခါမှာတော့ အရင်ကလို ဗိုလ်ဝင်းအိမ်ရှေ့မှာ ကားကို ထိုးမရပ် တော့ဘဲ ခပ်လှမ်းလှမ်းက စောလူဖော့အိမ်မှာ စစ်ကားကို သွားရပ်ခဲ့ပါတယ်။

ကားပေါ်က စစ်သားတွေကတော့ ဗိုလ်ဝင်းအိမ်နားမှာ မှောင်ရိပ်ခိုပြီး ကင်းပုန်းဝပ် အနေအထားနဲ့ ၀ိုင်းထားလိုက်ကြပါတယ်။ မှောင်နေပြီဖြစ်လို့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ မသိလိုက်ကြပါ။ ဗိုလ်ဝင်းက စစ်ကားရဲ့ ကားခေါင်းခန်းပေါ် တက်လိုက်တဲ့ အခါ တပည့်လေး ယောက် နောက်ခန်းမှာ ထိုင်နေတာကို တွေ့ရတယ်။ စစ်ကားပေါ် ပါလာတဲ့စစ်သားတွေဟာ အရပ်ဝတ်နဲ့ ဖြစ်ပေမယ့် ခါတိုင်းလို ဗိုလ်ဝင်းရဲ့တပည့်များနှင့် မျက်နှာချင်းမဆိုင်ဘဲ တယောက်စီကြားညှပ်ထိုင်စေတာဟာ ထူးခြားမှု တစ်ခုပဲလို့ ဗိုလ်ဝင်းက သူ့ရဲ့တပည့်တွေအပေါ် သံသယစိတ် ၀င်လိုက်မိတယ်။

အဲဒီအချိန်မှာ ဒရိုင်ဘာက ကားဘီး (စပယ်ယာ) မေ့ကျန်ခဲ့ကြောင်း ဘီးလင်းအထိ သွားရမှာဖြစ်လို့ တပ်ရင်းမှာ ပြန်ယူရမယ် ပြောပြီး တပ်ရင်းကို ကားပြန်မောင်းလာခဲ့တယ်။ တပ်ရင်းရောက်တော့ ဗိုလ်ဝင်းက တပ်ရင်းမှူးကို နှုတ်ဆက်ဖို့ဆိုပြီး တပ်ရင်းရုံးပေါ်ကို တက်သွားခဲ့တယ်။ ခဏကြာတဲ့နောက်မှာ ကားပေါ်ကျန်ခဲ့တဲ့ ဗိုလ်ဝင်းရဲ့တပည့်တစ်ယောက်ဆီကို စစ်ဗိုလ်တစ်ယောက် ရောက်လာပြီး ဒုတပ်မင်း ဗိုလ်ဝင်းက သူ့သေနတ်ပေးလိုက်ပါလို့ တောင်းခဲ့တယ်။ ဗိုလ်ဝင်းတပည့်က သံသယဖြစ်တာနဲ့ မိမိကိုင်တဲ့ ဘရောင်နီ ပစ္စတိုသေနတ်ကိုသာ ပေးလိုက်တယ်။

ခဏကြာတော့ ခုနက ဗိုလ်ကပဲ ပြန်ရောက်လာပြီး ဒုတပ်မင်းဗိုလ်ဝင်းက ပေးလိုက်တာ သူ့သေနတ်မဟုတ်ကြောင်း ပြောပြန်ရာ ဗိုလ်ဝင်းရဲ့သေနတ် လားမားပစ္စတိုကို အစားထိုးပေးလိုက်ရတယ်။ သေနတ်ပေးပြီးတာနဲ့ ဗိုလ်ဝင်းရဲ့ တပည့် လေးယောက် အဖမ်းခံလိုက်ရတော့တယ်။ အဲဒီအချိန် မတိုင်ခင်ကတည်းက ဗိုလ်ဝင်းဟာ တပ်ရင်းရုံးပေါ်မှာ အရင် အဖမ်း ခံရပြီး ဖြစ်ကြောင်း နောက်မှသိရပါတော့တယ်။ ဗိုလ်ဝင်းနဲ့ သူ့တပည့်တွေ သထုံတပ်ရင်းရုံးမှာ ဖမ်းထားတုန်းက ညဦး အချိန်မှာပဲ ကာဘိုင်သေနတ်သံ ၂ချက် ကြားလိုက်ရပြီး တပ်ရင်းအတွင်းမှာလည်း အောင်ပြီဆိုတဲ့ ကြွေးကြော်သံတွေ ကြားလိုက်ရတယ်။ သေနတ်သံနဲ့ အောင်ပြီဆိုတဲ့အသံတွေ ကြားယုံကလွဲပြီး ဗိုလ်ဝင်းနဲ့သူ့တပည့် အခြားဘာအသံမှ မသိတော့ပါ။

မနက်မိုးလင်းတော့ ဗိုလ်မှူးကြီးရွှေနဲ့ ဗိုလ်မှူးမိုးဇက်တို့ သထုံတပ်ရင်းရုံးကိုရောက်လာပြီး ပြန်ထွက်သွားတာကို ဗိုလ်ဝင်း ကတွေ့ခဲ့တယ်။ ဗိုလ်မှူးကြီးရွှေနဲ့ ဗိုလ်မှူးမိုးဇက်တို့ စစ်တပ်နဲ့ပေါင်းပြီး သူတို့ကို သစ္စာဖောက်လိုက်ပြီဆိုတာကို ဗိုလ်ဝင်း နောက်မှ သိလိုက်ရတော့တယ်။

TharShwe_Shwe_LinHtin_BoWin_PhaLuKyawအဲဒီဖြစ်စဉ်နဲ့ တစ်ချိန်တည်းမှာ ဗိုလ်လင်းထင်ဟာ သူခေါ်ခိုင်းတဲ့ ဘီးလင်းက ဗိုလ်မှူးကြီးရွှေအလာကို သထုံက ဒေါက်တာ စောဟိန်အိမ်မှာ ညစာစားရင်း စောင့်နေတုန်းမှာ သထုံစစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရပြန်တယ်။ ကားပေါ်အရောက်မှာ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး နောက်ကနေ ဗိုလ်လင်းထင်ဟာ ဦးခေါင်းကို ကာဘိုင်နဲ့ နှစ်ချက် ဆင့်ပစ်ခံလိုက်ရ ပါတယ်။ သထုံ တပ်ရင်းရုံးမှာ ဖမ်းဆီးခံနေရချိန် ဗိုလ်ဝင်းကြားလိုက်ရတဲ့ ကာဘိုင်သံနှစ်ချက်ဟာ ဗိုလ်လင်းထင်ကို တမလွန် ခေါ်ဆောင် သွားတဲ့ သေမင်းတမန်ဖြစ်ကြောင်း နောက်မှ သိလိုက်ရ ပါတော့တယ်။ အဲဒီတစ်ညလုံး သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင် မြို့တွေမှာ သံချပ်ကာတပ်တွေ မိုးလင်းထိ ကင်းလှည့် ခဲ့ကြတယ်။ ဗိုလ်လင်းထင်အလောင်းကိုလည်း ညတွင်းချင်း မော်လမြိုင်ကို သယ်ပြီး ပင်လယ်ထဲ အစဖျောက်ခဲ့ကြတယ်။

ဗိုလ်ချုပ်စောအုန်းဖေ၊ စောဟန်တာသာမွှေး အပါအ၀င် ဗဟိုခေါင်းဆောင်တွေဟာ ရန်ကုန် ကုန်းမြင့်သာမှာ ယာယီ ထိန်းသိမ်း ခံထားရင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၆၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ ကရင့်တော်လှန်ရေးကောင်စီတို့ အတုအယောင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးလိုက်ခဲ့ကြပေမဲ့ တပ်မဟာ (၅) ဗိုလ်လင်းထင်ရဲ့ ဒုတပ်မဟာမှူး ဗိုလ်ဝင်း၊ ကိုယ်ရေးအရာရှိ စောဂျူး (ဗိုလ်ချုပ်စောအုန်းဖေသား) ဗိုလ်မှူးပြူး၊ ဗိုလ်မှူးဖားလူကျော်၊ ဗိုလ်မှူးမိုး ဝေ၊ ဗိုလ်မှူးဂေါ်ဖရီ၊ ဗိုလ်မှူးဖဲယားပလေး၊ ကပ္ပတိန်ဘခက်၊ ခွန်ဗဆွေ၊ ပဒိုဘွိုင်းစ်၊ ကပ္ပတိန်ကရူးဆိုး၊ ဗိုလ်ကြီးလွန်းမောင်တို့ အသီးသီး ထောင်သွင်းအကျဉ်းချ ခံကြရတယ်။ ဗိုလ်ဝင်းကိုတော့ (၄) နှစ်ကြာပြီးတဲ့နောက်မှာ ထောင်ကလွှတ်ပြီး သထုံပါတီယူနစ် ဥက္ကဌလည်းဖြစ်၊ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်သူ ဗိုလ်မှူးကြီးရွှေကိုတော့ ကျိုက်ထိုပါတီယူနစ်ဥက္ကဌ အဖြစ် မြှောက်စားခြင်းကို ခံခဲ့ရ ပြန်တယ်။

အင်းစိန်တိုက်ပွဲတုန်းက ကေအဲန်ယူဘက်က စောဘဦးနဲ့ မန်းဘဇံတို့က ဦးဆောင်ခဲ့တယ်။ ဦးနု အစိုးရက ငြိမ်းချမ်းရေး စကား ဆိုလာလို့ ဦးနုရဲ့စကားကို ယုံစားမိတဲ့ စောဘဦးကြီးက လက်မှတ်ရေးထိုးခဲ့တယ်။ ဒီလို လက်မှတ်ရေးထိုးတာကို မန်းဘဇံနဲ့ စောဟန်တာသာမွှေးတို့က ကန့်ကွက်ခဲ့လို့ ငြိမ်းချမ်းရေး ပျက်ကွက်သွားခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းရေး ဖော်ဆောင် တာ မဟုတ်ဘဲ လက်နက်ချ အညံ့ခံတာပဲလို့ ပြောတဲ့ မန်းဘဇံနဲ့ စောဟန်တာသာမွှေးရဲ့ စကားကို စောဘဦးကြီးက လက်ခံ သွားခဲ့တယ်။ ဒီလို အမျိုးသားရေးအတွက် စိတ်ဓာတ်ပြင်းထန်တဲ့ စောဟန်တာသာမွှေးဟာ ၁၉၆၄ ခုနှစ်ကျတော့ ဗိုလ်နေ၀င်းရဲ့ ငြိမ်းချမ်းရေးလှည့်ကွက်ထဲ မျက်စိလည်လမ်းမှားရောက်သွားခဲ့ရတယ်။ စောဟန်တာသာမွှေးဟာ သူမသေခင် မှားမှန်းသိလို့ အင်းစိန် နံ့သာကုန်း ဘုရားကျောင်းမှာ စောဘဦးရဲ့ ၀ိညာဉ်တွေသာ ဘုရားကျောင်းနံရံတွေမှာ ရှိနေရင် ကျနော့်ကို ဟားတိုက် ရယ်မောမှာပဲလို့ သံဝေဂစကား ပြောခဲ့ပါသေးတယ်။

နောက်ပြီး လှည့်စားခံရတဲ့ သမိုင်းကွင်းဆက်တစ်ခုကို ပြောပြချင်ပါတယ်။ ဖဆပလ ဦးနုအစိုးရရဲ့ လှည့်ကွက်တစ်ခုပေါ့။ ဖဆပလ က စစ်လက်နက်ပစ္စည်းတွေကို လူစီးမီးရထားနဲ့ တင်ပို့ခဲ့တာ ကေအဲန်ယူက သတင်းရလို့ တပ်မဟာ(၅) ဒုတပ် မဟာမှူး ဗိုလ်ဝင်း တို့အဖွဲ့က ရထားကို ဖြတ်တိုက်ခိုက်ခဲ့တယ်။ အဲဒါကို ဖဆပလအစိုးရက “ကေအဲန်ယူက မော်လမြိုင် ရထားကို ဗုံးခွဲစဉ် တက္ကသိုလ်ကျောင်းသူ ၃၀ ကို တရုတ်ဖြူတွေဆီ ရောင်းစားခဲ့တယ်” ဟု ပြည်သူတွေ ယုံမှားအောင် လုပ်ကွက်ဆင် သတင်းလွှင့်ခဲ့သည်။

ယခင် ကေအဲန်ယူ တပ်မဟာ(၅) ဒုတပ်မဟာမှူး ဗိုလ်ဝင်းတဖြစ်လည်း ဦးစောမောင်ဝင်း (သထုံပါတီယူနစ် ဥက္ကဌဟောင်း သထုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)က အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၀မ်းနည်းပက်လက် ပြန်လည် ပြောပြ တာကတော့ “အဲဒီတိုက်ပွဲကို ငါကိုယ်တိုင် ဦးဆောင်ခဲ့တာပါ။ ဖဆပလက စစ်လက်နက်ပစ္စည်းတွေကို လူစီးမီးရထား တွဲနဲ့ပို့တာ ငါတို့ သတင်းရလို့ ဖြတ်တိုက်တာ လက်နက်တွေကို မသယ်နိုင်လို့ ရွာသားတွေကိုခေါ်ပြီး သယ်ခိုင်းရတာပါ။ ဘယ်တက္ကသိုလ်ကျောင်းသူကိုမှ မဖမ်းခဲ့ပါဘူး” ဟု ပြောသည်။

ဒီအဖြစ်မှန်ကို ရေးသားဖော်ပြဖို့ စောထွန်းအောင်ချိန် (မြန်မာ့သမိုင်း ပါမောက္ခ အငြိမ်းစား)ကို ပြောပြခဲ့ပါတယ်။ ကျယ်ကျယ် တော့လည်း မပြောရဲဘူး။ ရေးခိုင်းလည်း ဘယ်သူမှ မရေးရဲဘူး။ ရေးရဲလည်း စစ်အစိုးရ စာပေစိစစ်ရေးရဲ့ အမှိုက်ခြင်းထဲပဲ ရောက်မှာပါ။ အမှန်ကတော့ လူတွေကို အကာအကွယ် ယူတတ်တဲ့သဘောနဲ့ ဖဆပလက စစ်လက်နက်ပစ္စည်းတွေကို စစ်မော်တော်ယာဉ်နဲ့ မပို့ဘဲ လူစီးမီးရထားတွဲနဲ့ ပို့လိုက်တာဟာ သူတို့ လုံခြုံရေးသာမက နိုင်ငံရေးညစ်ပတ်မှုကို ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာလည်း ပါပါတယ်။

အဲဒီတော့ မြန်မာစစ်အစိုးရရဲ့ စစ်အာဏာတည်မြဲရေးဖြစ်တဲ့ “ငရဲကိုပို့မဲ့ ငြိမ်းချမ်းရေးလမ်း”ဆိုတာကို ပြည်သူတွေ ကြားအောင် တမလွန်ဘ၀က ဖထီးစောဟန်တာသာမွှေးနဲ့အတူ ပြိုင်တူအော်ပေးလိုက်ပါအုံးလို့။ ပြည်သူတွေက နားစွင့်နေကြပါလိမ့်မယ်။

မှတ်ချက် ။ ။ ဤဖြစ်ရပ်မှန်ဆောင်းပါးကို ဆောင်းပါးရှင်ကိုယ်တိုင် ယခု သက်ရှိထင်ရှားရှိနေသည့် စောမောင်ဝင်းနှင့် တွေ့ဆုံ မေးမြန်းပြီး ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကိုကြည့်၍ ယခု ငြိမ်းချမ်းရေးယူထားကြသော လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များ စစ်အစိုးရအပေါ် ယုံကြည်မှုအပြည့်ဖြင့် သတိထား ပြီး မဆက်ဆံဘဲ အန္တရာယ်နွံအတွင်းသို့ မသက်ရောက်စေရန် သတိပေးလိုက်ရပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: