တိုင်းရင်းသားအသံ တရားမျှတမှုအတွက်တိုက်ပွဲဝင်အသံများ

တိုင်းရင်းသားအသံ

ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တိုင်းရင်းသားရေးရာ

(ခင်မမမျိုးရေးသားသည့်ဆောင်ပါးကိုပြန်လည်တင်ပြလိုက်ခြင်းဖြစ်သည်၊)

ဒီမိုကရေစီဆိုတာဟာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ဖို့ဆိုရင် လိုအပ်တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ်လိုမျိုးစတာတွေ ရှိရပါတယ်။
ဒါတွေမရှိရင် ဘာတွေဖြစ်လာနိုင်မလဲလို့ မေးချင်စရာပါပဲ။ သမိုင်းအဆက်ဆက် နိုင်ငံပေါင်းများစွာရဲ့ သင်ခန်းစာတွေကတော့ nationalism ဆိုတဲ့ အမျိုးသားရေး ၀ါဒအပေါ်မှာ အခြေခံတဲ့ ethnic antagonism တွေ ဖြစ်လာနိုင်တာပါပဲ။ ဒီလိုတွေဖြစ်လာရင် နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (initial democratization) ကနေ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာမှု (democratic consolidation) ဖြစ်လာဖို့ကို အတားအဆီးတွေ ဖြစ်လာစေတတ်ပါတယ်။ ဒီနေရာမှာ nationalism ဆိုတဲ့အကြောင်းလေးကို နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စိတ်ဓာတ်ရေးရာ အပိုင်းလေးတွေကနေ မြင်လေ့ရှိကြတဲ့ ရှုထောင့်အမြင်လေး အနည်းငယ်ကို တင်ပြချင်ပါတယ်။
Nationalism
political doctrine အရဆိုရင် အမျိုးသားရေးဝါဒဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူအများဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရတွေရှိနေတဲ့ nation states ဆိုတဲ့ နိုင်ငံတော်တွေမှာ သီးခြားနေထိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ Culture ideal အရ ဆိုရင်ကျတော့ identities များစွာ ကွဲပြားခြားနားတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နိုင်ငံတော်တရပ်အနေနဲ့ primary form of belonging ပံ့ပိုးပေးတဲ့ ၀ါဒတရပ်အနေနဲ့ မြင်ကြတယ်။ moral ideal အနေနဲ့ကျတော့ ပြည်တွင်းပြည်ပ အန္တရာယ်တွေကနေ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံပေးဆပ်မှု ကျင့်ဝတ်တွေကို မီးမောင်းထိုးပြတတ်ကြတယ်။
ဒီလိုကမ္ဘာ့သမိုင်းအဆက်ဆက်က အမျိုးသားရေးဝါဒတွေကို လေ့လာပြီး၊ နိုင်ငံရေးသိပ္ပံပညာရှင် Ignatieff က civic nationalism နဲ့ ethnic nationalism ဆိုတဲ့ အမျိုးအစားနှစ်မျိုးကို ခွဲခြားရှင်းပြဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဘာသာစကား ဆိုတာတွေအပေါ်မှာ လုံးဝခွဲခြားမှုမရှိတော့ပဲ နိုင်ငံတော်ရဲ့ နိုင်ငံရေးမူဝါဒ (nation’s political creed) အပေါ်မှာပဲ တညီတညွတ်တည်း လက်ခံကျင့်သုံး ယုံကြည်ချက်ရှိနေတာကို civic nationalism လို့ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အများစုမှာ ဒီ civic nationalism ကို အခြေခံတဲ့အတွက် အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေမှာ အခက်အခဲတွေ နည်းပါးခဲ့ပါတယ်။ ဒီလိုတွေမဟုတ်ပဲ အာရှ၊ အာဖရိကနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေဟာ ကြာမြင့်တာတွေ၊ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့ nationalism က များသောအားဖြင့် ethnic nationalism ပေါ်မှာ အခြေခံတဲ့အတွက်ကြောင့်ပါပဲ။
ethnic nationalism ကကျတော့ လူတဦးချင်းရဲ့ ရင်းနှီးဆက်နွယ်မှုတွေဟာ inherited ဖြစ်တယ်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပါတယ်။ နိုင်ငံတော်ဆိုတာဖြစ်လာပြီးမှ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမဟုတ်ပဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုတာကို လူမျိုးစုအချင်းချင်း နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဆိုတာ ဖြစ်တည်လာတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီလိုအယူအဆအပေါ်မှာ အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေအတွက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးဆိုတဲ့ အချက်တွေအပေါ်မှာ နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဖြစ်တည်မှုရှိရပါတယ်။ ဒီလိုမဟုတ်ရင်ကျတော့ ethnic antagonism ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် လူမျိုးအချင်းချင်းခွဲခြားဆက်ဆံမှု (discrimination) တွေ၊ ပြည်တွင်းစစ် (Civil Wars) တွေဖြစ်လာတော့တာပါပဲ။ အဆိုးဆုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) တွေအထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးတွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍမြှင့်တင်မှုတွေ ဖြစ်လာရာက စစ်အာဏာရှင်စနစ်တွေ ဆက်တိုက်ထွန်းကားလာပြန်ပါတော့တယ်။ ဒါကြောင့်လဲ ပဋ္ဋိပက္ခတွေမှာ state formation conflict (နိုင်ငံတော်တည်ထောင်မှုဆိုင်ရာ ပဋ္ဋိပက္ခ) ဟာ ဖြေရှင်းရအခက်ဆုံးနဲ့ အရှည်ကြာဆုံး ပဋ္ဋိပက္ခပုံစံတမျိုးဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံဘာသာရပ်ဟာ ဒီပြဿနာတွေကို နားလည်မှုရှိစေဖို့နဲ့ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို consociational democracy ဆိုတဲ့ အိုင်ဒီယာနဲ့ ဖော်ပြလမ်းညွှန်ပေးပါတယ်။
Consociational Democracy
Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးလူ့အဖွဲ့အစည်းတရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ political arrangement တခုပါ။ ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းတာဖြစ်ပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို၊ လစ်ဘရယ်ဒီမိုကရက်တစ် အုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံမှာလဲ flexibility ရှိရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတာကတော့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဒီဂရီမြင့်မားတဲ့ အော်တိုနော်မီ ပေးအပ်ရမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းစည်းမှာ အခြေခံအားဖြင့် integration ရှိလာပါမယ်။
တကယ်တော့ ဒီသဘောတရားဟာ ကွဲပြားခြားနားမှု (diversity) ရှိနေတဲ့ နိုင်ငံတွေမှာ political arrangements တွေ တည်ဆောက်ခဲ့စဉ်က အောင်မြင်ခဲ့တဲ့ သာဓကတွေ အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဥပမာအားဖြင့်- ဘယ်လဂျီယံနိုင်ငံမှာဆိုရင် Flemings နဲ့ Walloonsတို့အကြားက ကွဲပြားခြားနားမှုတွေ၊ ဟော်လန်မှာဆိုရင် အမြစ်တွယ်နေတဲ့ religious cleverages တွေ၊ သြတတြီးယားမှာဆိုရင် anti-clerical socialistsနဲ့ catholic bourgeoisie တို့အကြားက ပြင်းထန်တဲ့ antagonism တွေစတဲ့ ကွဲပြားခြားနားမှုတွေဖြစ်ပါတယ်။
Principles and Preconditions
ဒီလိုကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်နေတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအတွက် အသင့်လျော်ဆုံးဖြစ်တဲ့ consociational democracy သဘောတရားမှာ အခြေခံစည်းမျဉ်းနှစ်ချက် ရှိပါတယ်။
ပထမဆုံးလိုအပ်တဲ့ အခြေခံစည်းမျဉ်းကတော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအမြင်နဲ့ အတွေးအခေါ်အများစုကို ခြုံငုံဖွဲ့စည်းထားတဲ့ ပါဝါရှယ်ယာအဖွဲ့အစည်း (executive power-sharing institutions) (သို့မဟုတ်) ညွှန့်ပေါင်းအဖွဲ့အစည်း (grand coalition institutions) တွေဖြစ်ပါတယ်။ ဒုတိယလိုအပ်တဲ့ စည်းမျဉ်းကတော့ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် autonomy ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ လူဦးရေ အပေါ်မှာ မူတည်တွက်ချက်ပြီး public offices တွေကို ခွဲဝေရပါမယ်။ propotionality အပေါ် အခြေခံရမှာဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင်များက ဒီလိုအခြေခံစည်းမျဉ်းတွေအပြင် multi-ethnic political system တွေအတွက် အသုံးဝင်လှတဲ့ preconditions တွေကို ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့ အချက်ကတော့ လူမျိုးကြီးဝါဒ ကျင့်သုံးနေတဲ့ လူမျိုးစုတခု မရှိဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတရပ်မှာ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ လူမျိုးစုတခုရှိနေရင်၊ ဒါမှမဟုတ် ဒီဝါဒကို အားပေးနေတဲ့ နိုင်ငံအုပ်ချုပ်ေ၇းစနစ်တရပ်ရှိနေရင် ဒီနိုင်ငံက ပြည်သူတွေဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ဖြစ်ရတတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးစနစ်တခုကတော့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပါပဲ။ ဒီစနစ်မပေါ်ပေါက်နိုင်သရွေ့ ပဋ္ဋိပက္ခတွေဟာ မပြေလည်နိုင်ပါဘူး။ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ချိန်ခွှင်လျှာမညီချိန်မှာ ခေတ္တငုပ်လျှိုးနေခဲ့ရင်တောင် မီးပွားတွေဟာ မငြိမ်းတာကြောင့် မီးတောက်တွေအဖြစ် အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ လူမှုစီးပွားကွာဟမှု (socio-economic inequality) တွေဖြစ်ပါတယ်။ လူမျိုးစုတွေအကြားမှာ ဒီလိုကွာဟမှုတွေ သိပ်ကြီးနေရင် နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေတော့တာပါပဲ။ ဒါကြောင့် ဒေသတခုချင်းစီအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပရောဂျက်တွေ ချမှတ်ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေအတွက် အထူးပဲအရေးကြီးလှတဲ့ explanatory factors တွေဖြစ်တာကြောင့် အထူးအာရုံစိုက်ပြီး စနစ်တကျ ပြုလုပ်ရမှာပါ။
တခြားအရေးကြီးတဲ့ geographical compactness တွေ၊ political accomodation ဆိုင်ရာ ယဉ်ကျေးမှုအစဉ်အလာစတဲ့ အချက်တွေရှိနေသေးပေမယ့် နိုင်ငံရေးကျမ်းတခုမဟုတ်တဲ့အတွက် အသေးစိတ်မဖော်ပြတော့ပါဘူး။
နိဂုံး
အခုဒီဆောင်းပါးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ တိုင်းရင်းသားရေးရာတွေမှာ ထည့်သွင်းစဉ်းစားဖို့လိုအပ်လှတဲ့ consociational democracy သဘောတရားကို conceptual approach နဲ့ ရေးသားဖော်ပြထားတာသာဖြစ်ပါတယ်။ case-study approach မဟုတ်တဲ့အတွက် နိုင်ငံတနိုင်ငံချင်းအလိုက် ဥပမာတွေကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံပညာရှင် Peter Ferdinand ကတော့ ဒီအခြေခံသဘောတရားတွေကို အသုံးပြုပြီး Czechoslovakia နဲ့ Yugoslavia တို့ရဲ့ စစ်အေးတိုက်ပွဲပြီးစကာလ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများရဲ့ အခြေအနေတွေ၊ အောင်မြင်မှုမရရှိပဲ ပြိုကွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းတွေ၊ အားနည်းချက်၊ လိုအပ်ချက်တွေကို လေ့လာဖော်ထုတ်ထားခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် V. Bogdanor ကလဲ multi-ethnic context အတွက် consociational democracy အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို အသေးစိတ်ရေးသားပြုစုထားခဲ့ကြပါတယ်။ ဒီသဘောတရားတွေဟာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ပြီး၊ ပြည်တွင်းစစ်မီးအမျိုးမျိုး တောက်လောင်မှုတွေ၊ တော်လှန်ရေးအသွင်မျိုးစုံတွေ၊ အာဏာရှင်စနစ်ရဲ့ လူမျိုးကြီးဝါဒကျင့်သုံးမှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက်လဲ တစုံတရာ အကျိုးပြုနိုင်မယ် ယူဆပြီး၊ ဗဟုသုတအနေနဲ့သာ တင်ပြရေးသားခြင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်စာတမ်းမဟုတ်ပါ။ ဒီသဘောတရားတွေအပေါ် အခြေခံပြီး၊ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်သုတေသနများ ဆက်လက်ပြုလုပ်ကြမယ်ဆိုရင် အကျိုးရှိစေနိုင်မယ့် သဘောတရားတွေလို့တော့ တွေးထင်မိပါတယ်။

ခင်မမမျိုး (၁၀၊ ၁၊ ၂၀၀၉)

ရည်ညွှန်းကိုးကား

Anderson, B. (1991) Imagined Communities, 2nd edition, Verso, London

Bogdanor, V. (ed.) (1991) The Blackwell Encyclopaedia of Political Science, Blackwell, Oxford

Ferdinand, P. (1997) ‘Nationalism, Community and democratic transition in Czechoslovakia and Yugoslavia” in Potter, D., GoldBlatt, D. (eds) Democratization,Polity Press, Cambridge

အပြည့်အစုံဖတ်ချင်ရင်..>>>

ပြန်ခေါက်ထားခဲ့ပါ..>>>
Posted by Khin Ma Ma Myo , Links to this post
Labels: တိုင်းရင်းသားရေးရာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Tag Cloud

%d bloggers like this: